ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 9 Myanmar Standard Bible (MSB)

တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို စေ​လွှတ်​တော်​မူ​ခြင်း

1. ယေ​ရှု​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် သူ​တို့​အား နတ်​ဆိုး​အ​ပေါင်း​တို့​ကို​နိုင်​၍ ရော​ဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်​ခိုး​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ကို​ပေး​တော်​မူ​၏။

2. ထို့​နောက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော​ပြော​ရန်​နှင့် နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို​ကျန်း​မာ​စေ​ရန် သူ​တို့​ကို​စေ​လွှတ်​တော်​မူ​၍

3. “လမ်း​ခ​ရီး​အ​တွက် မည်​သည့်​အ​ရာ​ကို​မျှ မ​ယူ​သွား​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ အ​စား​အ​စာ​နှင့် ငွေ​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အင်္ကျီ​ကို​လည်း အ​ပို​မ​ဆောင်​ကြ​နှင့်။

4. မည်​သည့်​အိမ်​သို့​မ​ဆို သင်​တို့​ဝင်​ကြ​သော​အ​ခါ ထို​အ​ရပ်​မှ ပြန်​လည်​ထွက်​ခွာ​သည့်​တိုင်​အောင် ထို​အိမ်​၌​တည်း​ခို​ကြ​လော့။

5. မည်​သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်​သွား​ကြ​စဉ် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​စေ​ရန် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

6. သူ​တို့​သည်​လည်း ထွက်​သွား​ပြီး​လျှင် တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​ကာ အ​ရပ်​ရပ်​တို့​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။

ယေ​ရှု​ကို​တွေ့​လို​သော​ဟေ​ရုဒ်​၏​ဆန္ဒ

7. နယ်​စား​ဟေ​ရုဒ်​သည် ဖြစ်​ပျက်​နေ​သော​အ​ရာ​အား​လုံး​ကို​ကြား​ရ​သော​အ​ခါ ဝေ​ခွဲ​မ​ရ​ဖြစ်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​အ​ချို့​တို့​က “ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊

8. အ​ချို့​တို့​က “ဧ​လိ​ယ​ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

9. ဟေ​ရုဒ်​က​လည်း “ယော​ဟန်​၏​ဦး​ခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့​ရာ​တွင် ဤ​မျှ​လောက် ငါ​သ​တင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်​သူ​နည်း”​ဟု ဆို​လျက် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ရန် ရှာ​ကြံ​လေ​၏။

လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း

10. တ​မန်​တော်​တို့​သည် ပြန်​လာ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား ကြား​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်​ဇဲ​ဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​၏။

11. သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် သိ​ကြ​သ​ဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ကြို​ဆို​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​တော်​မူ​၏။ ကျန်း​မာ​ခြင်း​လို​အပ်​သော​သူ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

12. ည​နေ​စောင်း​သော​အ​ခါ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​တို့​သည် ဝန်း​ကျင်​ရှိ ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ တည်း​ခို​နိုင်​ရန်​နှင့် အ​စား​အ​စာ​များ​ရ​ရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

13. သို့​သော် ကိုယ်​တော်​က “သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အား​လုံး​အ​တွက် အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​ပါ​က အ​ကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14. (ထို​သို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါး​ထောင်​ခန့်​မျှ​ရှိ​သော​ကြောင့်​ဖြစ်​၏။) ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​ကို ငါး​ဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

15. တ​ပည့်​တော်​တို့​သည်​လည်း အ​မိန့်​တော်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျက် လူ​အား​လုံး​တို့​ကို​ထိုင်​စေ​ကြ​၏။

16. ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူ​ထု​ပ​ရိ​သတ်​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။

17. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​ရ​ကြ​၏။

ယေ​ရှု​သည်​ခ​ရစ်​တော်​ဖြစ်​ကြောင်း ပေ​တ​ရု​ဝန်​ခံ​ခြင်း

18. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တစ်​ပါး​တည်း​ဆု​တောင်း​လျက်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “လူ​ထု​ပ​ရိ​သတ်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ သူ​တို့​အား မေး​တော်​မူ​၏။

19. သူ​တို့​က​လည်း “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့​သော် အ​ချို့​တို့​က ဧ​လိ​ယ​ဟု ဆို​ကြ​၍ အ​ချို့​တို့​က​လည်း ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ​၍ ပြန်​လျှောက်​ကြ​၏။

20. ယေ​ရှု​က​လည်း “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင် ပေ​တ​ရု​က “ဘု​ရား​သ​ခင်​၏​ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

မိ​မိ​အ​သေ​ခံ​၍​ထ​မြောက်​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

21. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​အား သ​တိ​ပေး​လျက် ဤ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ရန် အ​မိန့်​ပေး​တော်​မူ​ပြီး​လျှင်

22. “လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​လျက် သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​၍ အ​သေ​သတ်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လော့

23. ထို့​နောက် လူ​အ​ပေါင်း​တို့​အား “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို နေ့​စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

24. အ​ကြောင်း​မှာ မိ​မိ​အ​သက်​ကို​ကယ်​တင်​လို​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် မိ​မိ​အ​သက်​ကို​ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား မိ​မိ​အ​သက်​ကို​ကယ်​တင်​လိမ့်​မည်။

25. လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း သူ​ကိုယ်​တိုင်​ပျက်​စီး​လျှင် သို့​မ​ဟုတ် ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

26. မည်​သူ​မ​ဆို ငါ​နှင့်​ငါ့​တ​ရား​စ​ကား​အ​တွက်​ရှက်​လျှင် လူ့​သား​သည်​လည်း မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​နှင့် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​တို့​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ ထို​သူ​အ​တွက်​ရှက်​လိမ့်​မည်။

27. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​နေ​ရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်း​စမ်း​ရ​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​တော်​မူ​ခြင်း

28. ဤ​တ​ရား​စ​ကား​တို့​ကို မိန့်​တော်​မူ​ပြီး​နောက် ရှစ်​ရက်​ခန့်​ကြာ​သော​အ​ခါ ကိုယ်​တော်​သည် ပေ​တ​ရု၊ ယော​ဟန်​နှင့် ယာ​ကုပ်​တို့​ကို​ခေါ်​၍ ဆု​တောင်း​ရန် တောင်​ပေါ်​သို့​တက်​သွား​တော်​မူ​၏။

29. ကိုယ်​တော်​ဆု​တောင်း​လျက်​နေ​တော်​မူ​စဉ် မျက်​နှာ​တော်​၏​အ​ဆင်း​သဏ္ဌာန်​သည် ထူး​ခြား​လာ​၍ အ​ဝတ်​တော်​သည် ဖြူ​ဖွေး​တောက်​ပ​လာ​၏။

30. ထို​အ​ချိန်​တွင် လူ​နှစ်​ဦး​တို့​သည် ကိုယ်​တော်​နှင့်​စ​ကား​ပြော​နေ​ကြ​၏။ ထို​သူ​တို့​မှာ မော​ရှေ​နှင့်​ဧ​လိ​ယ​တို့​ဖြစ်​ကြ​၏။

31. သူ​တို့​သည် ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ​၍ ဂျေ​ရု​ဆ​လင်​မြို့​တွင်​ပြည့်​စုံ​တော့​မည့် ကိုယ်​တော်​၏​အ​သေ​ခံ​တော်​မူ​ခြင်း​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။

32. ပေ​တ​ရု​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မျက်​စိ​လေး​၍ အိပ်​မော​ကျ​နေ​ကြ​၏။ သို့​သော် ကောင်း​စွာ​နိုး​လာ​သော​အ​ခါ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်း​ကောင်း မြင်​ကြ​၏။

33. ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်​တော်​ထံ​မှ ထွက်​ခွာ​သွား​ကြ​စဉ် ပေ​တ​ရု​က “သ​ခင်၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​တို့​ဆောက်​ပါ​ရ​စေ”​ဟု မိ​မိ​မည်​သည့်​အ​ရာ​ပြော​ဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေ​ရှု​အား လျှောက်​ထား​လေ​၏။

34. ထို​သို့ ပေ​တ​ရု​လျှောက်​ထား​စဉ် မိုး​တိမ်​သည်​ပေါ်​လာ​၍ သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည် မိုး​တိမ်​ထဲ​သို့ ရောက်​သွား​စဉ် ကြောက်​ရွံ့​ကြ​၏။

35. ထို​အ​ခါ မိုး​တိမ်​ထဲ​မှ အ​သံ​တော်​ထွက်​ပေါ်​လာ​၍ “ဤ​သူ​ကား ငါ​ရွေး​ကောက်​သော ငါ​၏​သား​ပေ​တည်း။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

36. ထို​အ​သံ​တော်​ထွက်​ပေါ်​လာ​ပြီး​သည့်​နောက် ယေ​ရှု​တစ်​ပါး​တည်း​ကို​သာ​တွေ့​မြင်​ရ​တော့​၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွေ့​မြင်​ရ​သည့်​အ​ရာ​ကို ထို​နေ့​ရက်​များ​၌ မည်​သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ​၏။

နတ်​ဆိုး​ကို​အောင်​သော​ယုံ​ကြည်​ခြင်း​တန်​ခိုး

37. နောက်​တစ်​နေ့​တွင် သူ​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ကြို​ဆို​ကြ​၏။

38. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ လူ​တစ်​ဦး​က “ဆ​ရာ၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​ပေး​ပါ​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏။ အ​ကြောင်း​မူ​ကား သူ​သည် အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော​သား​ဖြစ်​ပါ​၏။

39. နတ်​သည် သူ့​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် ရုတ်​တ​ရက်​အော်​ဟစ်​တတ်​ပါ​၏။ ထို့​နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်း​ပဲ့​နာ​ကျင်​စေ​ပြီး​လျှင် သူ့​ထံ​မှ​ထွက်​ခဲ​လှ​ပါ​၏။

40. သို့​ဖြစ်​၍ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ”​ဟု အော်​ဟစ်​လျှောက်​ထား​လေ​၏။

41. ယေ​ရှု​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍ သင်​တို့​ကို​သည်း​ခံ​ရ​မည်​နည်း။ သင်​၏​သား​ကို ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

42. သူ​ငယ်​လာ​နေ​စဉ်​တွင် နတ်​ဆိုး​သည် သူ့​ကို​လှဲ​ချ​ကာ တက်​စေ​၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို​ဆုံး​မ​၍ သူ​ငယ်​ကို​ကျန်း​မာ​စေ​ပြီး​လျှင် သူ့​ကို ဖ​ခင်​ထံ ပြန်​အပ်​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း ဒု​တိ​ယ​အ​ကြိမ်​ကြို​တင်​မိန့်​တော်​မူ​ခြင်း

43. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​သော​တန်​ခိုး​တော်​ကို အံ့​သြ​ချီး​မွမ်း​ကြ​၏။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ရာ​အား​လုံး​ကို လူ​အ​ပေါင်း​တို့​အံ့​သြ​နေ​ကြ​စဉ် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား

44. “ဤ​စ​ကား​များ​ကို သင်​တို့​နား​ထဲ​၌ စွဲ​မြဲ​စေ​ကြ​လော့။ လူ့​သား​သည် လူ​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

45. သို့​သော် ထို​စ​ကား​ကို တ​ပည့်​တော်​တို့​နား​မ​လည်​စေ​ရန် ဖုံး​ကွယ်​ထား​သ​ဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စ​ကား​နှင့်​ပတ်​သက်​၍ ကိုယ်​တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။

မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း

46. ထို့​နောက် တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု အ​ချင်း​ချင်း​ငြင်း​ခုံ​ကြ​၏။

47. ယေ​ရှု​သည် သူ​တို့​၏​စိတ်​နှ​လုံး​တွေး​တော​ဆင်​ခြင်​မှု​ကို သိ​တော်​မူ​လျက် သူ​ငယ်​တစ်​ဦး​ကို​ခေါ်​၍ မိ​မိ​အ​နား​တွင်​ရပ်​စေ​ပြီး​လျှင်

48. “ဤ​သူ​ငယ်​တစ်​ဦး​ကို ငါ​၏​နာ​မ​၌ လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ကြီး​မြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

သင်​တို့​ဘက်​သား​ဖြစ်​သူ

49. ထို​အ​ခါ ယော​ဟန်​က “သ​ခင်၊ သ​ခင်​၏​နာ​မ​ဖြင့် နတ်​ဆိုး​များ​နှင်​ထုတ်​နေ​သူ​တစ်​ဦး​ကို အ​ကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်​သော​ကြောင့် သူ့​ကို​တား​မြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

50. သို့​သော် ယေ​ရှု​က “မ​တား​မြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​ကို​မ​ဆန့်​ကျင်​သော​သူ​သည် သင်​တို့​ဘက်​သား​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ဂျေ​ရု​ဆ​လင်​သို့​ကြွ​တော်​မူ​ခြင်း

51. ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ခံ​တော်​မူ​မည့်​နေ့​ရက် နီး​ကပ်​လာ​သော​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​ရန် ရှေး​ရှု​လျက်

52. စေ​တ​မန်​တို့​ကို မိ​မိ​ရှေ့​မှ​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်​တော်​အ​တွက်​ပြင်​ဆင်​ထား​ရန် ရှ​မာ​ရိ​နယ်​သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။

53. သို့​သော် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ဦး​တည်​လျက် ခ​ရီး​သွား​နေ​သည်​ဖြစ်​သော​ကြောင့် ထို​ရွာ​သား​တို့​သည် ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။

54. တ​ပည့်​တော်​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် ထို​အ​ဖြစ်​ကို​မြင်​လျှင် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိုး​ကောင်း​ကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်​ကျွမ်း​စေ​ရန် ကိုယ်​တော်​အ​လို​ရှိ​ပါ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

55. သို့​သော် ကိုယ်​တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံး​မ​တော်​မူ​၏။

56. ထို့​နောက် သူ​တို့​သည် အ​ခြား​သော​ရွာ​သို့​သွား​ကြ​၏။

ယေ​ရှု​နောက်​တော်​သို့​လိုက်​ခြင်း

57. သူ​တို့​သည် လမ်း​၌​ခ​ရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်​တော်​သွား​သည့်​နေ​ရာ​တိုင်း​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။

58. ယေ​ရှု​က​လည်း “မြေ​ခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်း​ကင်​ငှက်​တို့​၌​လည်း အ​သိုက်​များ​ရှိ​ကြ​၏။ လူ့​သား​၌​မူ​ကား ခေါင်း​ချ​စ​ရာ​နေ​ရာ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

59. ကိုယ်​တော်​သည် အ​ခြား​သော​သူ​တစ်​ဦး​အား “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။ သို့​သော် ထို​သူ​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဖ​ခင်​ကို ဦး​စွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

60. ကိုယ်​တော်​က​လည်း “လူ​သေ​တို့​သည် မိ​မိ​တို့​၏​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါ​လေ​စေ။ သင်​မူ​ကား သွား​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော​ပြော​လော့”​ဟု မိန့်​တော်​မူ​၏။

61. အ​ခြား​သော​သူ​တစ်​ဦး​က​လည်း “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​သော် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​ကို ဦး​စွာ​သွား​၍ နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

62. ယေ​ရှု​က​လည်း “ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်​ကြည့်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ထိုက်​တန်”​ဟု မိန့်​တော်​မူ​၏။