ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19 Myanmar Standard Bible (MSB)

ဇက္ခဲ​ထံ​သို့ ယေ​ရှု​ဝင်​ရောက်​တည်း​ခို​တော်​မူ​ခြင်း

1. ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်​မူ​၏။

2. ထို​အ​ရပ်​တွင် ဇက္ခဲ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အ​ခွန်​ကောက်​ခံ​သူ​တို့​၏​အ​ကြီး​အ​ကဲ​ဖြစ်​ပြီး ချမ်း​သာ​သော​သူ​ဖြစ်​၏။

3. သူ​သည် ယေ​ရှု​မည်​သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုး​စား​သော်​လည်း အ​ရပ်​ပု​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။

4. ထို့​ကြောင့် သူ​သည် ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သ​ဖန်း​ပိုး​စာ​ပင်​ပေါ်​သို့​တက်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် ထို​နေ​ရာ​ကို​ဖြတ်​သွား​တော့​မည်​ဖြစ်​၏။

5. ယေ​ရှု​သည် ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော့​ကြည့်​လျက် “ဇက္ခဲ၊ သင့်​အိမ်​တွင် ယ​နေ့ ငါ​တည်း​ခို​ရ​မည်​ဖြစ်​၍ အ​မြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

6. ဇက္ခဲ​သည်​အ​မြန်​ဆင်း​လာ​၍ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ လက်​ခံ​ကြို​ဆို​၏။

7. ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​သူ​အ​ပေါင်း​တို့​က “ကိုယ်​တော်​သည် အ​ပြစ်​သား​၏​အိမ်​သို့​ဝင်​၍​တည်း​ခို​ပါ​သည်​တ​ကား”​ဟု ဝေ​ဖန်​ပြစ်​တင်​ကြ​၏။

8. ဇက္ခဲ​သည်​ရပ်​လျက် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို ဆင်း​ရဲ​သား​တို့​အား​ပေး​ပါ​မည်။ ထို့​ပြင် တစ်​စုံ​တစ်​ဦး​ထံ​မှ တစ်​စုံ​တစ်​ရာ​ကို မ​တ​ရား​တောင်း​ခံ​ထား​သည်​ဆို​လျှင် လေး​ဆ​ပြန်​ပေး​ပါ​မည်”​ဟု သ​ခင်​ဘု​ရား​အား​လျှောက်​လေ​၏။

9. ယေ​ရှု​က​လည်း “ယ​နေ့​ပင် ကယ်​တင်​ခြင်း​သည် ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။ အ​ကြောင်း​မူ​ကား သူ​သည်​လည်း အာ​ဗြ​ဟံ​၏​သား​ဖြစ်​၏။

10. အ​မှန်​စင်​စစ် လူ့​သား​သည် ပျောက်​ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်​တင်​ရန်​ကြွ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

ငွေ​ဆယ်​မိ​နာ့​ပုံ​ဥ​ပ​မာ

11. ကိုယ်​တော်​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို နား​ထောင်​နေ​သော​သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​ထပ်​မံ​၍​ပေး​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​လာ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​လာ​မည်​ဟု သူ​တို့​ထင်​မှတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

12. ကိုယ်​တော်​က “မြင့်​မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်​ငံ​တော်​အုပ်​စိုး​ခွင့်​ကို​ခံ​ယူ​ပြီး​ပြန်​လာ​ရန် ဝေး​လံ​သော​တိုင်း​ပြည်​သို့ ခ​ရီး​သွား​လေ​၏။

13. ခ​ရီး​မ​ပြု​မီ မိ​မိ​၏​အ​စေ​အ​ပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိ​နာ့​ပေး​လျက် ‘ငါ​ပြန်​လာ​သည်​အ​ထိ စီး​ပွား​ရှာ​ကြ​လော့’​ဟု မှာ​ထား​ခဲ့​၏။

14. သို့​သော် သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​သ​ဖြင့် သူ့​နောက်​မှ သံ​တ​မန်​ကို​စေ​လွှတ်​၍ ‘အ​ကျွန်ုပ်​တို့​အ​ပေါ် ဤ​သူ​အုပ်​ချုပ်​မည်​ကို အ​ကျွန်ုပ်​တို့​အ​လို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။

15. ထို့​နောက် သူ​သည် နိုင်​ငံ​တော်​အုပ်​စိုး​ခွင့်​ကို​ခံ​ယူ​ပြီး ပြန်​လာ​သော​အ​ခါ ငွေ​ပေး​ထား​ခဲ့​သော​အ​စေ​အ​ပါး​တို့​သည် စီး​ပွား​ရှာ​၍ အ​မြတ်​မည်​မျှ​ရ​ကြ​သည်​ကို သိ​ရှိ​နိုင်​မည့်​အ​ကြောင်း သူ​တို့​ကို မိ​မိ​ထံ​သို့​ခေါ်​လာ​ရန် အ​မိန့်​ရှိ​၏။

16. ပ​ထ​မ​တစ်​ဦး​သည် လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ဆယ်​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

17. သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ အ​စေ​အ​ပါး​ကောင်း၊ သင်​သည် သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​ကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​လေ​၏။

18. ဒု​တိ​ယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ငါး​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

19. သ​ခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​၏။

20. ထို့​နောက် အ​ခြား​တစ်​ဦး​သည်​လာ​၍ ‘သ​ခင်၊ ကြည့်​ပါ။ ပ​ဝါ​ထဲ​၌ အ​ကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သ​ခင်​၏​ငွေ​တစ်​မိ​နာ့​ရှိ​ပါ​သည်။

21. သ​ခင်​သည် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ပြီး မိ​မိ​မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​လျက် မိ​မိ​မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သော​ကြောင့် အ​ကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။

22. သ​ခင်​က​လည်း ‘ဆိုး​ညစ်​သော​အ​စေ​အ​ပါး၊ သင်​၏​နှုတ်​ထွက်​စ​ကား​အ​တိုင်း သင့်​ကို ငါ​စီ​ရင်​မည်။ ငါ​သည် မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​၍ မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သည့် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

23. အ​ဘယ်​ကြောင့် ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ မ​အပ်​ထား​သ​နည်း။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ၎င်း​ကို အ​တိုး​နှင့်​တ​ကွ ငါ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်’​ဟု ဆို​လေ​၏။

24. ထို့​နောက် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိ​နာ့​ကို သူ့​ထံ​မှ​ယူ​၍ ငွေ​ဆယ်​မိ​နာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။

25. သူ​တို့​က​လည်း ‘သ​ခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိ​နာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင်

26. သ​ခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

27. ထို​မှ​တစ်​ပါး ငါ​အုပ်​ချုပ်​ရန်​အ​လို​မ​ရှိ​ကြ​သော ငါ​၏​ရန်​သူ​များ​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင်​ခဲ့​၍ ငါ​၏​ရှေ့​မှောက်​တွင် သူ​တို့​ကို​ကွပ်​မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

ဩ​ဘာ​ပေး​ခြင်း​ခံ​ရ​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​ဝင်​တော်​မူ​ခြင်း

28. ကိုယ်​တော်​သည် ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် ရှေ့​သို့​ခ​ရီး​သွား​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​တော်​မူ​၏။

29. သံ​လွင်​ဟု​ခေါ်​သော​တောင်​အ​နီး​ရှိ ဗက်​ဖာ​ဂေ​ရွာ​နှင့်​ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍

30. “သင်​တို့​ရှေ့​က​ရွာ​ထဲ​သို့ သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​သည်​နှင့် မည်​သူ​မျှ​မ​စီး​ဖူး​သော မြည်း​က​လေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်​မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်​ဆောင်​လာ​ကြ​လော့။

31. တစ်​စုံ​တစ်​ယောက်​က ‘အ​ဘယ်​ကြောင့်​ကြိုး​ဖြေ​ကြ​သ​နည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

32. စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ထွက်​သွား​၍ သူ​တို့​အား​ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း တွေ့​မြင်​ကြ​၏။

33. သူ​တို့​သည် မြည်း​က​လေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်​ရှင်​တို့​က “အ​ဘယ်​ကြောင့် မြည်း​က​လေး​ကို​ကြိုး​ဖြေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။

34. သူ​တို့​က​လည်း “သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။

35. ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​၍ ယေ​ရှု​အား​စီး​စေ​ကြ​၏။

36. ကိုယ်​တော်​ကြွ​တော်​မူ​စဉ်​တွင် လူ​တို့​သည် မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။

37. ကိုယ်​တော်​သည် သံ​လွင်​တောင်​၏​အ​ဆင်း​လမ်း​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် တန်​ခိုး​လက္ခ​ဏာ​အား​လုံး​အ​တွက် ဝမ်း​မြောက်​လျက် ကျယ်​လောင်​သော​အ​သံ​ဖြင့် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကာ

38. “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​၌ ငြိမ်​သက်​ခြင်း​ရှိ​၍ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

39. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “ဆ​ရာ၊ ဆ​ရာ့​တ​ပည့်​များ​ကို​ဆုံး​မ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

40. ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်​ခဲ​တို့​သည် ကြွေး​ကြော်​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ဂျေ​ရု​ဆ​လင်​မြို့​အ​တွက် ငို​ကြွေး​တော်​မူ​ခြင်း

41. ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​လာ​၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင် ၎င်း​အ​တွက် ငို​ကြွေး​လျက်

42. “သင်​သည် ငြိမ်​သက်​ခြင်း​ကို​ရ​စေ​သည့်​အ​ရာ​တို့​ကို ယ​နေ့​သိ​ခဲ့​လျှင်...။ သို့​ရာ​တွင် ထို​အ​ရာ​သည် ယ​ခု​သင်​၏​မျက်​စိ​ရှေ့​မှ ကွယ်​ဝှက်​ထား​ခြင်း​ခံ​ရ​၏။

43. အ​ကြောင်း​မူ​ကား သင်​၏​ရန်​သူ​တို့​သည် က​တုတ်​တည်​၍ သင့်​ကို​ဝိုင်း​ရံ​လျက် အ​ဘက်​ဘက်​မှ သင့်​ကို​ပိတ်​ဆို့​ထား​ကာ

44. သင်​မှ​စ​၍ သင့်​အ​ထဲ​၌​ရှိ​သော သင်​၏​သား​သ​မီး​တို့​ကို မြေ​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​သ​ဖြင့် သင့်​အ​ထဲ​တွင် ကျောက်​တုံး​တစ်​တုံး​ကို​မျှ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌​မ​ကျန်​ရစ်​စေ​မည့် အ​ချိန်​ကာ​လ​သည် ရောက်​လာ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင့်​ထံ အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ချိန်​ကို သင်​မ​သိ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​ခြင်း

45. ထို့​နောက် ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​ပြီး

46. ထို​သူ​တို့​အား “‘ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သော်​လည်း သင်​တို့​သည် ၎င်း​ကို ဓား​ပြ​တို့​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တ​ကား”​ဟု မိန့်​တော်​မူ​၏။

47. ကိုယ်​တော်​သည် ဗိ​မာန်​တော်​၌ နေ့​စဉ်​နေ့​တိုင်း သွန်​သင်​လျက်​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် လူ​ထု​ခေါင်း​ဆောင်​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သော်​လည်း

48. လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို အာ​ရုံ​စိုက်​၍​နား​ထောင်​နေ​ကြ​သော​ကြောင့် မည်​သို့​မျှ​မ​ပြု​နိုင်​ကြ​ချေ။