ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 24 Myanmar Standard Bible (MSB)

ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း

1. ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့ အ​ရုဏ်​တက်​စ​အ​ချိန်​၌ သူ​တို့​သည် မိ​မိ​တို့​ပြင်​ဆင်​ထား​သော​အ​မွှေး​နံ့​သာ​ကို​ယူ​ဆောင်​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​ရာ

2. ကျောက်​တုံး​အား သင်္ချိုင်း​ဂူ​မှ လှိမ့်​ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။

3. အ​တွင်း​သို့​ဝင်​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​မ​တွေ့​ကြ​ချေ။

4. သူ​တို့​သည် ဤ​အ​ခြင်း​အ​ရာ​တို့​ကို​တွေး​မ​ရ​ဖြစ်​နေ​ကြ​စဉ် တောက်​ပ​ပြောင်​လက်​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး သူ​တို့​အ​နီး​၌​ရပ်​ကြ​၏။

5. အ​မျိုး​သ​မီး​တို့​သည် ကြောက်​လန့်​၍ ခေါင်း​ကို အောက်​သို့​ငုံ့​လျက်​နေ​ကြ​ရာ ထို​သူ​တို့​က “သင်​တို့​သည် သေ​သော​သူ​တို့​တွင် အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့်​ရှာ​ကြ​သ​နည်း။

6. ကိုယ်​တော်​သည် ဤ​အ​ရပ်​၌​မ​ရှိ။ ထ​မြောက်​တော်​မူ​ပြီ။ ဂါ​လိ​လဲ​နယ်​၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား​မည်​သို့​မိန့်​တော်​မူ​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။

7. ကိုယ်​တော်​က လူ့​သား​သည် အ​ပြစ်​သား​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို​ခံ​ရ​လျက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မြွက်​ဆို​ကြ​၏။

8. ထို​အ​ခါ အ​မျိုး​သ​မီး​တို့​သည် ကိုယ်​တော်​၏​စ​ကား​တော်​များ​ကို သ​တိ​ရ​၍

9. သင်္ချိုင်း​တော်​မှ ပြန်​သွား​ပြီး​လျှင် တစ်​ဆယ့်​တစ်​ပါး​သော​တ​ပည့်​တော်​နှင့် အ​ခြား​သော​သူ​အား​လုံး​တို့​အား ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ပြော​ပြ​ကြ​၏။

10. တ​မန်​တော်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော​ပြ​သော​သူ​တို့​မှာ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင်​ဖြစ်​သူ​မာ​ရိ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော အ​ခြား​အ​မျိုး​သ​မီး​များ​ဖြစ်​ကြ​၏။

11. သို့​သော် ထို​စ​ကား​များ​သည် တ​မန်​တော်​တို့​အ​တွက် ယုံ​တမ်း​စ​ကား​ကဲ့​သို့​ဖြစ်​သော​ကြောင့် သူ​တို့​မ​ယုံ​ကြ​ချေ။

12. သို့​ရာ​တွင် ပေ​တ​ရု​သည်​ထ​၍ သင်္ချိုင်း​တော်​သို့​ပြေး​သွား​ပြီး ငုံ့​ကြည့်​လိုက်​ရာ ပိတ်​ထည်​ကို​သာ​တွေ့​သ​ဖြင့်​ထို​အ​ဖြစ်​အ​ပျက်​ကို​အံ့​သြ​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

တ​ပည့်​တော်​နှစ်​ပါး​ထံ ထင်​ရှား​တော်​မူ​ခြင်း

13. ထို​နေ့​၌​ပင် သူ​တို့​ထဲ​မှ​နှစ်​ဦး​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ ခု​နစ်​မိုင်​ခန့်​ဝေး​သည့် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့ သွား​ကြ​၏။

14. သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း​ပြော​ဆို​နေ​ကြ​၏။

15. ထို​သို့​ပြော​ဆို​လျက်​ဆွေး​နွေး​နေ​ကြ​စဉ် ယေ​ရှု​ကိုယ်​တော်​တိုင်​ချဉ်း​ကပ်​လာ​၍ သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။

16. သို့​သော် သူ​တို့​၏​မျက်​စိ​သည် ကာ​ဆီး​ထား​ခြင်း​ခံ​ရ​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို​မ​မှတ်​မိ​ကြ​ချေ။

17. ကိုယ်​တော်​က​လည်း “သင်​တို့​သည် လမ်း​သွား​ရင်း မည်​သည့်​အ​ကြောင်း​အ​ရာ​များ​ကို အ​ချင်း​ချင်း​ဆွေး​နွေး​နေ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​ရာ သူ​တို့​သည် မျက်​နှာ​ညှိုး​ငယ်​လျက်​ရပ်​နေ​ကြ​၏။

18. ထို့​နောက် က​လော​ဖ​အ​မည်​ရှိ​သူ​က “သင်​သည်​ဂျေ​ရု​ဆ​လင်​မြို့​၌ ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​လျက်​ပင် ဤ​ရက်​များ​အ​တွင်း ထို​မြို့​၌​ဖြစ်​ပျက်​ခဲ့​သော​အ​ရာ​များ​ကို သင်​တစ်​ဦး​တည်း​မ​သိ​ဘဲ​နေ​သ​လော”​ဟု ဆို​၏။

19. ကိုယ်​တော်​က​လည်း “မည်​သည့်​အ​ရာ​များ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ဖြစ်​၏။ သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​တွင် လုပ်​ဆောင်​မှု​နှင့်​ပြော​ဆို​မှု​တို့​၌ အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​ပ​ရော​ဖက်​ဖြစ်​၏။

20. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ငါ​တို့​ကို​အုပ်​ချုပ်​သူ​များ​သည် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရန်​အပ်​နှံ​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ တင်​ခဲ့​ကြ​၏။

21. ထို​အ​ရှင်​သည် အစ္စ​ရေး​လူ​မျိုး​ကို ရွေး​နုတ်​ကယ်​တင်​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့်​ထား​ကြ​၏။ ထို​မျှ​မ​က ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ခဲ့​ပြီး​နောက် ယ​ခု​သုံး​ရက်​မြောက်​ဖြစ်​သော​အ​ခါ

22. ငါ​တို့​ထဲ​မှ အ​မျိုး​သ​မီး​အ​ချို့​တို့​သည် ငါ​တို့​ကို​အံ့​ဩ​ငေး​မော​စေ​ကြ​၏။ သူ​တို့​သည် နံ​နက်​စော​စော​သင်္ချိုင်း​သို့​သွား​ကြ​ရာ

23. ထို​အ​ရှင်​၏​အ​လောင်း​ကို​မ​တွေ့​ခဲ့​ကြ​ပေ။ သူ​တို့​သည်​ပြန်​လာ​၍ ထို​အ​ရှင်​အ​သက်​ရှင်​လျက်​ရှိ​ကြောင်း​မြွက်​ဆို​သည့်​ကောင်း​ကင်​တ​မန်​များ​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​တွေ့​မြင်​ရ​ကြောင်း ပြော​ပြ​ကြ​၏။

24. ငါ​တို့​ထဲ​မှ လူ​အ​ချို့​တို့​သည် သင်္ချိုင်း​သို့​သွား​ကြ​ရာ အ​မျိုး​သ​မီး​များ​ပြော​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပြီး ထို​အ​ရှင်​ကို​မ​တွေ့​ခဲ့​ကြ​ပါ”​ဟု ဆို​ကြ​၏။

25. ထို​အ​ခါ ကိုယ်​တော်​က “အို မိုက်​မဲ​၍ ပ​ရော​ဖက်​များ​ဟော​ပြော​ခဲ့​သ​မျှ​တို့​ကို​ယုံ​ကြည်​ရန် စိတ်​နှ​လုံး​ထိုင်း​မှိုင်း​သော​သူ​တို့၊

26. ခ​ရစ်​တော်​သည် ဤ​သို့​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​ထဲ​သို့​ဝင်​စား​ရ​မည်​မ​ဟုတ်​လော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

27. ထို့​နောက် ကိုယ်​တော်​သည် မော​ရှေ​နှင့်​ပ​ရော​ဖက်​အ​ပေါင်း​တို့​၏​ကျမ်း​များ​မှ​အ​စ​ပြု​၍ ကျမ်း​စာ​တစ်​ခု​လုံး​တွင် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​ကြောင်း​အ​ရာ​တို့​ကို သူ​တို့​အား ရှင်း​ပြ​တော်​မူ​၏။

28. သူ​တို့​သွား​နေ​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ရှေ့​သို့​ခ​ရီး​ဆက်​မည့်​ဟန်​ရှိ​သ​ဖြင့်

29. သူ​တို့​က “မိုး​ချုပ်​ခါ​နီး​၍ တစ်​နေ့​တာ​လည်း ကုန်​လု​နီး​ပြီ​ဖြစ်​သော​ကြောင့် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​တည်း​ခို​ပါ”​ဟု ဆို​လျက် ကိုယ်​တော်​ကို​မ​ရ​အ​ရ​ဖိတ်​ခေါ်​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​တည်း​ခို​ရန် လိုက်​သွား​တော်​မူ​၏။

30. သူ​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား ပေး​တော်​မူ​၏။

31. ထို​စဉ် သူ​တို့​၏​မျက်​စိ​သည်​ပွင့်​လာ​၍ ကိုယ်​တော်​ဖြစ်​ကြောင်း​သိ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​၏​မြင်​ကွင်း​မှ ပျောက်​ကွယ်​သွား​လေ​၏။

32. သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​ဖြစ်​စေ၊ ငါ​တို့​အား ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ​၌​ဖြစ်​စေ ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင် မီး​တောက်​လောင်​သ​ကဲ့​သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

33. သူ​တို့​သည် ချက်​ချင်း​ထ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​ရာ တစ်​ဆယ့်​တစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့် သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ စု​ဝေး​နေ​ကြ​သည်​ကို​တွေ့​ရ​ကြ​၏။

34. ထို​သူ​အ​ပေါင်း​တို့​က “သ​ခင်​ဘု​ရား​သည် အ​မှန်​ပင်​ထ​မြောက်​တော်​မူ​၍ ရှိ​မုန်​ထံ​ထင်​ရှား​ပြ​တော်​မူ​ပြီ”​ဟု ပြော​ဆို​နေ​ကြ​၏။

35. ထို​သူ​နှစ်​ဦး​တို့​က​လည်း လမ်း​၌​ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့် မုန့်​ကို​ဖဲ့​တော်​မူ​စဉ် ကိုယ်​တော်​ဖြစ်​ကြောင်း​သိ​ခဲ့​ရ​ပုံ​တို့​ကို ပြော​ပြ​ကြ​၏။

ထ​မြောက်​သော​ယေ​ရှု​၏​ထင်​ရှား​တော်​မူ​ခြင်း

36. ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​ပြော​ဆို​နေ​ကြ​စဉ် ကိုယ်​တော်​သည် သူ​တို့​အ​လယ်​၌​ရပ်​လျက် “သင်​တို့​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

37. သို့​သော် သူ​တို့​သည် တစ္ဆေ​ကို​မြင်​နေ​ကြ​သည်​ဟု​ထင်​မှတ်​၍ ထိတ်​လန့်​ကြောက်​ရွံ့​ကြ​၏။

38. ကိုယ်​တော်​က​လည်း “အ​ဘယ်​ကြောင့်​တုန်​လှုပ်​ချောက်​ချား​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ သံ​သ​ယ​ဖြစ်​ကြ​သ​နည်း။

39. ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့​ထိ​စမ်း​သပ်​၍ ကြည့်​ရှု​ကြ​လော့။ အ​ကြောင်း​မူ​ကား တစ္ဆေ​၌ အ​ရိုး​အ​သား​မ​ရှိ။ ငါ​၌​မူ​ကား သင်​တို့​မြင်​ရ​သည့်​အ​တိုင်း အ​ရိုး​အ​သား​ရှိ​၏”​ဟု

40. မိန့်​တော်​မူ​ပြီး​လျှင် မိ​မိ​၏​လက်​တော်​နှင့်​ခြေ​တော်​တို့​ကို သူ​တို့​အား ပြ​တော်​မူ​၏။

41. သူ​တို့​သည် ဝမ်း​မြောက်​သ​ဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့​ဩ​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က “ဤ​နေ​ရာ​တွင် စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော”​ဟု မေး​တော်​မူ​၏။

42. ထို​အ​ခါ သူ​တို့​သည် ငါး​ကင်​တစ်​ပိုင်း​ကို ကိုယ်​တော်​အား ပေး​ကြ​ရာ

43. ကိုယ်​တော်​သည်​ယူ​၍ သူ​တို့​ရှေ့​တွင် သုံး​ဆောင်​တော်​မူ​၏။

44. တစ်​ဖန် ကိုယ်​တော်​က “သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စ​ကား​မှာ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့် ဆာ​လံ​ကျမ်း​တို့​တွင် ငါ​နှင့်​ပတ်​သက်​၍ ရေး​ထား​သ​မျှ​တို့​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ​၍​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

45. ထို့​နောက် ကျမ်း​စာ​ကို​နား​လည်​ကြ​စေ​ရန် သူ​တို့​၏​အ​သိ​စိတ်​ကို​ဖွင့်​ပေး​တော်​မူ​ပြီး​လျှင်

46. သူ​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ “ကျမ်း​စာ​၌​ရေး​ထား​သည်​ကား ခ​ရစ်​တော်​သည် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ရ​မည်။

47. ထို့​နောက် သူ​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​နှင့်​ဆိုင်​သော​နောင်​တ​တ​ရား​ကို ဂျေ​ရု​ဆ​လင်​မြို့​မှ​အ​စ​ပြု​၍ လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်​ဟူ​၍​ဖြစ်​၏။

48. သင်​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

49. ငါ​သည် ငါ့​ခ​မည်း​တော်​၏​က​တိ​တော်​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​မည်။ သို့​သော် သင်​တို့​သည် အ​ထက်​ကောင်း​ကင်​မှ​တန်​ခိုး​ဖြင့် လွှမ်း​ခြုံ​ခြင်း​ခံ​ရ​သည်​အ​ထိ ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ကြ​ဦး​လော့”​ဟု မိန့်​တော်​မူ​၏။

ကောင်း​ကင်​သို့​တက်​ကြွ​တော်​မူ​ခြင်း

50. ထို့​နောက် ကိုယ်​တော်​သည် ဗေ​သ​နိ​ရွာ​သို့​တိုင်​အောင် သူ​တို့​ကို​ခေါ်​ဆောင်​သွား​ပြီး​လျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

51. ထို​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​၌​ပင် ကိုယ်​တော်​သည် သူ​တို့​ထံ​မှ ခွဲ​ခွာ​၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။

52. သူ​တို့​သည် ကိုယ်​တော်​ကို​ရှိ​ခိုး​ပြီး​လျှင် အ​လွန်​ဝမ်း​မြောက်​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​ကာ

53. ဗိ​မာန်​တော်​၌ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်​နေ​ကြ​၏။