ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23 Myanmar Standard Bible (MSB)

ယေ​ရှု​ကို ပိ​လတ်​မင်း​ထံ​ခေါ်​ဆောင်​သွား​ခြင်း

1. ထို့​နောက် တ​ရား​လွှတ်​တော်​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ထ​၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ရှေ့​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်

2. “ဤ​သူ​သည် ဆီ​ဇာ​ဧ​က​ရာဇ်​အား အ​ခွန်​တော်​မ​ဆက်​သ​ရန်​တား​မြစ်​ကာ မိ​မိ​ကိုယ်​ကို ခ​ရစ်​တော်​တည်း​ဟူ​သော​ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​၍ အ​ကျွန်ုပ်​တို့​၏​ပြည်​သူ​လူ​ထု​ကို ဖောက်​ပြန်​လမ်း​လွဲ​စေ​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်”​ဟု ကိုယ်​တော်​ကို​စွပ်​စွဲ​ပြော​ဆို​ကြ​၏။

3. ပိ​လတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု ကိုယ်​တော်​အား မေး​လျှင် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု ပြန်​ဖြေ​တော်​မူ​၏။

4. ထို​အ​ခါ ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ပ​ရိ​သတ်​တို့​အား “ဤ​သူ​၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။

5. သို့​သော် သူ​တို့​က “သူ​သည် ဂါ​လိ​လဲ​နယ်​မှ​စ​၍ ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင် ယု​ဒ​နယ်​တစ်​နယ်​လုံး​၌​သွန်​သင်​လျက် လူ​ထု​ကို​လှုံ့​ဆော်​ခဲ့​ပါ​သည်”​ဟု အ​ပြင်း​အ​ထန်​ပြော​ဆို​ကြ​၏။

ဟေ​ရုဒ်​ရှေ့​သို့​ရောက်​တော်​မူ​ခြင်း

6. ပိ​လတ်​မင်း​သည် ထို​စ​ကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သ​လော​ဟု​မေး​မြန်း​ပြီး​မှ

7. ဟေ​ရုဒ်​အုပ်​စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သော​အ​ခါ ကိုယ်​တော်​ကို ဟေ​ရုဒ်​ထံ​သို့​ပို့​လိုက်​၏။ ထို​နေ့​ရက်​များ​တွင် ဟေ​ရုဒ်​သည်​လည်း ဂျေ​ရု​ဆ​လင်​မြို့​၌​ရောက်​ရှိ​နေ​၏။

8. ဟေ​ရုဒ်​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​လေ​၏။ အ​ကြောင်း​မူ​ကား သူ​သည် ကိုယ်​တော်​အ​ကြောင်း​ကို​ကြား​သိ​ထား​၍ ကိုယ်​တော်​ကို​တွေ့​မြင်​လို​သည်​မှာ အ​ချိန်​ကြာ​မြင့်​ပြီ​ဖြစ်​ပြီး​ကိုယ်​တော်​ပြု​သည့် နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို​မြင်​ရ​ရန်​မျှော်​လင့်​နေ​၏။

9. သို့​ဖြစ်​၍ သူ​သည် ကိုယ်​တော်​ကို​မေး​ခွန်း​များ​စွာ​မေး​လေ​၏။ သို့​သော် ကိုယ်​တော်​သည် မည်​သည့်​အ​ရာ​ကို​မျှ ဖြေ​ကြား​တော်​မ​မူ​ခဲ့​ချေ။

10. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ​၍ ကိုယ်​တော်​ကို​ပြင်း​ထန်​စွာ​စွပ်​စွဲ​ကြ​၏။

11. ဟေ​ရုဒ်​သည်​လည်း မိ​မိ​စစ်​သား​များ​နှင့်​အ​တူ ကိုယ်​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​လျက် ပြောင်​လှောင်​ကာ တင့်​တယ်​သော​ဝတ်​လုံ​ကို​ဝတ်​စေ​ပြီး​လျှင် ပိ​လတ်​မင်း​ထံ​သို့ ပြန်​ပို့​လေ​၏။

12. ဟေ​ရုဒ်​နှင့်​ပိ​လတ်​မင်း​တို့​သည် ယ​ခင်​က တစ်​ဦး​နှင့်​တစ်​ဦး​ရန်​ဘက်​ဖြစ်​ခဲ့​သော်​လည်း ထို​နေ့​တွင် မိတ်​ဆွေ​ဖြစ်​လာ​ကြ​၏။

ယေ​ရှု​လော၊ ဗာ​ရဗ္ဗ​လော

13. ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ အုပ်​ချုပ်​သူ​များ​နှင့် လူ​ထု​တို့​ကို စု​ဝေး​စေ​၍

14. “သင်​တို့​သည် လူ​ထု​ကို​မှား​ယွင်း​စေ​ရန်​လှုံ့​ဆော်​သူ​အ​ဖြစ် ဤ​သူ​ကို ငါ့​ထံ​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်​ဆေး​ခဲ့​သော်​လည်း ဤ​သူ​အ​ပေါ် သင်​တို့​စွပ်​စွဲ​သည့်​အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ​မ​တွေ့။

15. ဟေ​ရုဒ်​သည်​လည်း အ​ပြစ်​မ​တွေ့​သ​ဖြင့် သူ့​ကို ငါ​တို့​ထံ​သို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။

16. ထို့​ကြောင့် သူ့​ကို​ဆုံး​မ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။

17. [ထို​သို့​ဆို​ခြင်း​မှာ ပိ​လတ်​မင်း​သည် ပွဲ​တော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သော​ကြောင့်​ဖြစ်​၏။]

18. သို့​သော် သူ​တို့​က “ထို​သူ​ကို​သုတ်​သင်​လိုက်​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်​ပြိုင်​တည်း​အော်​ဟစ်​ကြ​၏။

19. ဗာ​ရဗ္ဗ​သည် မြို့​ထဲ​တွင်​ဖြစ်​ခဲ့​သည့် ဆူ​ပူ​အုံ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ကြောင့် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။

20. ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်​တစ်​ဖန်​မိန့်​ကြား​လေ​၏။

21. သို့​သော် သူ​တို့​သည် “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ။ သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။

22. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ ဤ​သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အ​ပြစ်​ကို​မ​တွေ့။ ထို့​ကြောင့် သူ့​ကို​ဆုံး​မ​ပြီး လွှတ်​လိုက်​မည်”​ဟု တ​တိ​ယ​အ​ကြိမ် သူ​တို့​အား ဆို​လေ​၏။

23. သို့​သော် လူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် ကျယ်​လောင်​သော​အ​သံ​ဖြင့် မ​ရ​မ​က​တောင်း​ဆို​ကြ​သ​ဖြင့် သူ​တို့​၏​အ​သံ​များ​သည် အ​နိုင်​ရ​သွား​လေ​၏။

24. ထို​အ​ခါ ပိ​လတ်​မင်း​သည် သူ​တို့​၏​တောင်း​ဆို​ချက်​အ​တိုင်း​လုပ်​ပေး​ရန် စီ​ရင်​ဆုံး​ဖြတ်​၍

25. ဆူ​ပူ​အုံ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​အ​တွက် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​ခံ​ရ​သူ​ကို သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွှတ်​ပေး​ပြီး ယေ​ရှု​ကို​မူ သူ​တို့​ဆန္ဒ​အ​တိုင်း​ပြု​ရန် အပ်​နှံ​လိုက်​လေ​၏။

လက်​ဝါး​ကပ်​တိုင်​ထမ်း​ရာ​လမ်း

26. သူ​တို့​သည် ကိုယ်​တော်​ကို ခေါ်​ဆောင်​သွား​ကြ​စဉ် တော​ရွာ​မှ​လာ​သော ကု​ရေ​နေ​မြို့​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ့​အ​ပေါ်​၌ လက်​ဝါး​ကပ်​တိုင်​ကို​တင်​လျက်​ထမ်း​စေ​ကာ ယေ​ရှု​၏​နောက်​မှ လိုက်​စေ​ကြ​၏။

27. လူ​အ​မြောက်​အ​မြား​နှင့်​တ​ကွ ကိုယ်​တော်​အ​တွက် ရင်​ဘတ်​စည်​တီး​လျက်​မြည်​တမ်း​နေ​ကြ​သော အ​မျိုး​သ​မီး​တို့​သည် ကိုယ်​တော်​၏​နောက်​မှ​လိုက်​သွား​ကြ​၏။

28. ယေ​ရှု​သည် ထို​အ​မျိုး​သ​မီး​တို့​ဘက်​သို့​လှည့်​၍ “ဂျေ​ရု​ဆ​လင်​မြို့​၏​သ​မီး​တို့၊ ငါ့​အ​တွက်​မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​သာ ငို​ကြွေး​ကြ​လော့။

29. အ​ကြောင်း​မူ​ကား မြုံ​သော​မိန်း​မ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော​သား​မြတ်​တို့​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။

30. ထို​အ​ခါ လူ​တို့​သည် တောင်​များ​အား ‘ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​ကြ​ပါ’​ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား ‘ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ’​ဟူ​၍​လည်း​ကောင်း ဆို​ကြ​လိမ့်​မည်။

31. အ​ကြောင်း​မူ​ကား သူ​တို့​သည် စိမ်း​စို​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင် ခြောက်​သွေ့​သော​အ​ပင်​၌ မည်​သို့​ဖြစ်​လိမ့်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း

32. သူ​တို့​သည် ရာ​ဇ​ဝတ်​သား​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန် ခေါ်​ဆောင်​သွား​ကြ​၏။

33. ဦး​ခေါင်း​ခွံ​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်​သို့​ရောက်​သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ရာ​ဇ​ဝတ်​သား​တို့​ကို​လည်း လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။

34. ထို​အ​ခါ ယေ​ရှု​က “အို အ​ဖ၊ သူ​တို့​သည် မိ​မိ​တို့​ပြု​နေ​သော​အ​မှု​ကို မ​သိ​ကြ​သည်​ဖြစ်​၍ သူ​တို့​ကို​ခွင့်​လွှတ်​တော်​မူ​ပါ”​ဟု မြွက်​ဆို​တော်​မူ​၏။ သူ​တို့​သည် ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။

35. လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အ​ကြီး​အ​ကဲ​တို့​မူ​ကား ကိုယ်​တော်​ကို​ပြက်​ရယ်​ပြု​၍ “ဤ​သူ​သည် အ​ခြား​သူ​များ​ကို​ကယ်​တင်​ခဲ့​၏။ သူ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​ခ​ရစ်​တော်​ဖြစ်​လျှင် မိ​မိ​ကိုယ်​ကို​ကယ်​တင်​ပါ​စေ”​ဟု ပြော​ဆို​ကြ​၏။

36. စစ်​သား​တို့​သည်​လည်း ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ပြီး ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် ဝိုင်​ချဉ်​ကို​တိုက်​ကာ

37. “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​လျှင် သင့်​ကိုယ်​သင်​ကယ်​တင်​ပါ”​ဟု ဆို​ကြ​၏။

38. ကိုယ်​တော်​၏​အ​ပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​၏”​ဟူ​သော​ကမ္ပည်း​စာ​ကို​တပ်​ထား​၏။

39. ဆွဲ​ထား​ခြင်း​ခံ​ရ​သော​ရာ​ဇ​ဝတ်​သား​တို့​ထဲ​မှ တစ်​ဦး​သည်​လည်း ကိုယ်​တော်​ကို​စော်​ကား​လျက် “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်​လော။ သင့်​ကိုယ်​သင်​ကယ်​တင်​၍ ငါ​တို့​ကို​လည်း​ကယ်​တင်​လော့”​ဟု ဆို​၏။

40. သို့​သော် အ​ခြား​တစ်​ဦး​သည် သူ့​ကို​ဆုံး​မ​၍ “သင်​သည် သူ​နှင့်​တူ​ညီ​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လျက်​ပင် ဘု​ရား​သ​ခင်​ကို​မ​ကြောက်​သ​လော။

41. ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ​နှင့် ထိုက်​သင့်​သော​ဒဏ်​ကို​ခံ​ရ​ကြ​သည်​ဖြစ်​၍ အ​မှန်​ပင်​တ​ရား​ပါ​သည်။ ဤ​အ​ရှင်​မူ​ကား မည်​သည့်​အ​ပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။

42. ထို့​နောက် “ယေ​ရှု၊ ကိုယ်​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ကိုယ်​တော်​ကြွ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

43. ကိုယ်​တော်​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​မည်။ သင်​သည် ယ​နေ့​ပင် ငါ​နှင့်​အ​တူ​ပ​ရ​ဒိ​သု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်​မူ​၏။

အ​သက်​ချုပ်​ငြိမ်း​တော်​မူ​ခြင်း

44. ထို​အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။ ထို​မှ​မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လေ​၏။

45. နေ​၏​အ​လင်း​ကွယ်​ပျောက်​သွား​ပြီး ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​လယ်​မှ​ကွဲ​သွား​လေ​၏။

46. ထို​အ​ခါ ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​၏​လက်​သို့ အပ်​နှံ​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​သို့​မြွက်​ဆို​ပြီး​နောက် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

47. ဤ​အ​ဖြစ်​အ​ပျက်​များ​ကို တွေ့​မြင်​သော​တပ်​မှူး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် “ဤ​သူ​သည် အ​မှန်​ပင်​ဖြောင့်​မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။

48. ထို​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန် စု​ဝေး​လာ​ကြ​သော​လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​ဖြစ်​အ​ပျက်​များ​ကို​မြင်​၍ ရင်​ဘတ်​စည်​တီး​လျက်​ပြန်​သွား​ကြ​၏။

49. ကိုယ်​တော်​ကို​သိ​ကျွမ်း​သော​သူ​အ​ပေါင်း​တို့​မှ​စ​၍ ဂါ​လိ​လဲ​နယ်​မှ ကိုယ်​တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အ​မျိုး​သ​မီး​တို့​သည် အ​ဝေး​မှ​ရပ်​လျက် ဤ​အ​ခြင်း​အ​ရာ​များ​ကို​ကြည့်​နေ​ကြ​၏။

ယေ​ရှု​ကိုသင်္ဂြိုဟ်​ခြင်း

50. ထို​အ​ချိန်​အ​ခါ​၌ ဖြောင့်​မတ်​၍​သူ​တော်​ကောင်း​ဖြစ်​သည့် ယော​သပ်​အ​မည်​ရှိ​သော လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ​၏။

51. သူ​သည် လွှတ်​တော်​၏​ဆုံး​ဖြတ်​ချက်​နှင့် လုပ်​ဆောင်​ချက်​တို့​ကို သ​ဘော​မ​တူ​ခဲ့​ပေ။ ယော​သပ်​သည် ယု​ဒ​ပြည်၊ အ​ရိ​မ​သဲ​မြို့​သား​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​လည်း​ဖြစ်​၏။

52. သူ​သည် ပိ​လတ်​မင်း​ထံ​သို့​သွား​၍ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​ပြီး​လျှင်

53. အ​လောင်း​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ချ​၍ ပိတ်​ချော​ဖြင့်​ပတ်​ရစ်​ကာ မည်​သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲ​တွင် သွင်း​ထား​၏။

54. ထို​နေ့​ကား ပြင်​ဆင်​ရာ​နေ့​ဖြစ်​၍ ဥ​ပုသ်​နေ့​သို့​ကူး​ရန် နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

55. ဂါ​လိ​လဲ​နယ်​မှ ကိုယ်​တော်​နှင့်​အ​တူ​ပါ​လာ​သော အ​မျိုး​သ​မီး​များ​သည်​လည်း နောက်​မှ​လိုက်​လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​လောင်း​တော်​ကို မည်​သို့​ထား​ကြ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ​၏။

56. ထို့​နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီ​မွှေး​နှင့်​အ​မွှေး​နံ့​သာ​တို့​ကို ပြင်​ဆင်​ကြ​၏။ ဥ​ပုသ်​နေ့​၌​ကား ပ​ညတ်​တော်​အ​တိုင်း အ​နား​ယူ​ကြ​၏။