ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 21 Myanmar Standard Bible (MSB)

မု​ဆိုး​မ​၏​အ​လှူ

1. ထို့​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်​၍ ချမ်း​သာ​သော​သူ​တို့​သည် အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ မိ​မိ​တို့​၏​အ​လှူ​ငွေ​များ​ထည့်​နေ​ကြ​သည်​ကို မြင်​တော်​မူ​၏။

2. ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ဦး​သည်​လည်း ထို​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့ လတ္တာ​နှစ်​ပြား​ထည့်​နေ​သည်​ကို မြင်​တော်​မူ​၏။

3. ထို​အ​ခါ ကိုယ်​တော်​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ​သည် အ​ခြား​သူ​အား​လုံး​ထက် ပို​၍​ထည့်​လေ​ပြီ။

4. အ​ကြောင်း​မူ​ကား ဤ​သူ​အား​လုံး​တို့​သည် မိ​မိ​တို့​၏​ကြွယ်​ဝ​ပြည့်​စုံ​မှု​ထဲ​မှ အ​လှူ​ငွေ​ကို​ထည့်​ကြ​၏။ ဤ​မု​ဆိုး​မ​မူ​ကား မိ​မိ​၏​ဆင်း​ရဲ​ချို့​တဲ့​မှု​ထဲ​မှ သူ​၌​ရှိ​သော​အ​သက်​မွေး​စ​ရာ​အား​လုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

ဗိ​မာန်​တော်​ပျက်​စီး​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

5. ဗိ​မာန်​တော်​ကို လှ​ပ​သော​ကျောက်​တုံး​များ​မှ​စ​၍ လှူ​ဒါန်း​ထား​သော​ဝတ္ထု​ပစ္စည်း​များ​ဖြင့် တန်​ဆာ​ဆင်​ထား​ကြောင်း လူ​အ​ချို့​တို့​က​ပြော​ဆို​နေ​ကြ​၏။

6. ကိုယ်​တော်​က “ဤ​အ​ရာ​များ​ကို သင်​တို့​မြင်​ရ​ကြ​၏။ ၎င်း​ထဲ​မှ ကျောက်​တုံး​တစ်​တုံး​သည် ဖြို​ချ​မ​ခံ​ရ​ဘဲ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌ ကျန်​ရစ်​ခဲ့​သည်​ဟူ​၍​မ​ရှိ​သော​နေ့​ရက်​ကာ​လ​ရောက်​လာ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၏​နိ​မိတ်​လက္ခ​ဏာ​များ

7. သူ​တို့​က​လည်း “ဆ​ရာ၊ သို့​ဖြစ်​လျှင် ထို​အ​ခြင်း​အ​ရာ​များ​သည် မည်​သည့်​အ​ချိန်​၌ ဖြစ်​ပျက်​လာ​မည်​နည်း။ ၎င်း​တို့​ဖြစ်​ပျက်​လာ​တော့​မည့်​အ​ချိန်​တွင် မည်​သည့်​အ​တိတ်​နိ​မိတ်​ပေါ်​ထွန်း​လာ​မည်​နည်း”​ဟု မေး​လျှောက်​ကြ​၏။

8. ကိုယ်​တော်​က​လည်း “သင်​တို့​သည် လှည့်​ဖြား​ခြင်း​မ​ခံ​ရ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​သည် ငါ့​အ​ဖြစ်​အ​ယောင်​ဆောင်​လျက်​ရောက်​လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ​၍​လည်း​ကောင်း၊ ‘အ​ချိန်​နီး​ကပ်​လာ​ပြီ’​ဟူ​၍​လည်း​ကောင်း ဆို​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။

9. သင်​တို့​သည် စစ်​ပွဲ​များ​နှင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​အ​ကြောင်း​တို့​ကို ကြား​ရ​သော​အ​ခါ ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​များ​သည် ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည် ချက်​ချင်း​မ​ရောက်​သေး”​ဟု မိန့်​တော်​မူ​၏။

10. ထို့​နောက် ကိုယ်​တော်​က “လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍

11. အ​ရပ်​ရပ်​တို့​၌ ပြင်း​ထန်​သော​င​လျင်​လှုပ်​ခြင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် ကပ်​ရော​ဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်​၌​လည်း ကြောက်​မက်​ဖွယ်​ရာ​များ​နှင့် ကြီး​မား​သော​အ​တိတ်​နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။

12. သို့​သော် ဤ​အ​ခြင်း​အ​ရာ​အား​လုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်း​ဆီး​၍ ညှဉ်း​ဆဲ​ကာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲ​သို့ ပို့​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​အ​တွက်​ကြောင့် ရှင်​ဘု​ရင်​များ​နှင့်​ဘု​ရင်​ခံ​များ​ရှေ့​သို့ ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

13. ဤ​အ​မှု​အ​ရာ​သည် သင်​တို့​သက်​သေ​ခံ​ရ​သော​အ​ခွင့်​အ​ရေး​ဖြစ်​လာ​လိမ့်​မည်။

14. ထို့​ကြောင့် မည်​သို့​ချေ​ပ​ပြော​ဆို​ရ​မည်​ကို ကြို​တင်​၍​မ​စဉ်း​စား​ရန် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ဆုံး​ဖြတ်​ထား​ကြ​လော့။

15. အ​ကြောင်း​မူ​ကား သင်​တို့​ကို ဆန့်​ကျင်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​အ​စွမ်း​နှင့်​ဉာဏ်​ပ​ညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။

16. သင်​တို့​၏​မိ​ဘ၊ ညီ​အစ်​ကို၊ ဆွေ​မျိုး​နှင့် မိတ်​ဆွေ​တို့​ပင်​လျှင် သင်​တို့​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သင်​တို့​တွင် အ​ချို့​တို့​သည် အ​သေ​သတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

17. လူ​အ​ပေါင်း​တို့​သည်​လည်း ငါ့​နာ​မ​ကြောင့် သင်​တို့​ကို​မုန်း​တီး​ကြ​လိမ့်​မည်။

18. သို့​သော် သင်​တို့​ဦး​ခေါင်း​မှ ဆံ​ပင်​တစ်​ပင်​မျှ​မ​ပျက်​စီး​ရ။

19. သင်​တို့​သည် သည်း​ခံ​သော​အား​ဖြင့် သင်​တို့​အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

20. ဂျေ​ရု​ဆ​လင်​မြို့​အား စစ်​မက်​ဗိုလ်​ခြေ​တို့​ဝိုင်း​ရံ​ကြ​သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​သော​အ​ခါ ထို​မြို့​၏​ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နီး​ကပ်​လာ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

21. ထို​အ​ခါ ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့​ထွက်​ပြေး​ကြ​စေ။ မြို့​ထဲ​၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​ကြ​စေ။ ကျေး​လက်​ဒေ​သ​၌​ရှိ​သော​သူ​တို့​သည်​လည်း မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။

22. အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​များ​သည် ကျမ်း​စာ​၌​ရေး​ထား​သော​အ​ရာ​အား​လုံး​ပြည့်​စုံ​မည့် ပြစ်​ဒဏ်​ပေး​ရာ​နေ့​ရက်​များ​ဖြစ်​၏။

23. ထို​နေ့​ရက်​များ​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ပြည်​အ​ပေါ်​၌ ကြီး​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ခြင်း​ကျ​ရောက်​၍ ဤ​လူ​မျိုး​အ​ပေါ်​၌​အ​မျက်​တော်​သက်​ရောက်​လိမ့်​မည်။

24. သူ​တို့​သည် ဓား​ဘေး​ဖြင့်​ကျ​ဆုံး​၍ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​လည်း မိ​မိ​တို့​အ​ချိန်​အ​ခါ​များ​ပြည့်​စုံ​သည်​အ​ထိ ဂျေ​ရု​ဆ​လင်​မြို့​ကို နင်း​ခြေ​ကြ​လိမ့်​မည်။

25. ထို့​နောက် နေ၊ လ၊ ကြယ်​တာ​ရာ​များ​၌ အ​တိတ်​နိ​မိတ်​များ​ဖြစ်​ပေါ်​လာ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​တ​ကာ​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​သံ​ကြောင့် စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​လျက် တုန်​လှုပ်​ချောက်​ချား​ကြ​လိမ့်​မည်။

26. အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​မည်​ဖြစ်​၍ လူ​တို့​သည် ကမ္ဘာ​ပေါ်​တွင်​သက်​ရောက်​လာ​မည့်​အ​ရာ​များ​ကို ကြို​တွေး​လျက် ကြောက်​ရွံ့​သ​ဖြင့် သ​တိ​လစ်​မေ့​မြော​ကြ​လိမ့်​မည်။

27. ထို​အ​ခါ လူ့​သား​သည် တန်​ခိုး​နှင့် ကြီး​မား​သော​ဘုန်း​အ​သ​ရေ​တို့​ဖြင့် မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်​မည်။

28. ဤ​အ​ရာ​များ​စ​တင်​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​ကို ရွေး​နုတ်​တော်​မူ​သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ တည့်​မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ဂျေ​ရု​ဆ​လင်​မြို့​၏​ပျက်​စီး​ခြင်း

29. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​မြွက်​ဆို​တော်​မူ​သည်​မှာ “သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင်​အား​လုံး​တို့​ကို ကြည့်​ကြ​လော့။

30. ရွက်​နု​ထွက်​လာ​သော​အ​ခါ သင်​တို့​သည်​မြင်​၍ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း အ​လို​အ​လျောက်​သိ​ကြ​၏။

31. ထို​နည်း​တူ ဤ​အ​ရာ​များ​ဖြစ်​ပျက်​နေ​သည်​ကို သင်​တို့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

32. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​အား​လုံး​မ​ဖြစ်​ပျက်​မီ ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

33. ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွား​လိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ​ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

34. သင်​တို့​သည် ကိုယ့်​ကိုယ်​ကိုယ်​သ​တိ​ထား​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​ပျော်​ကြူး​ခြင်း၊ သောက်​စား​မူး​ယစ်​ခြင်း​နှင့် အ​သက်​ရှင်​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်​နှ​လုံး​လေး​လံ​ထိုင်း​မှိုင်း​နေ​ကြ​စဉ် ထို​နေ့​ရက်​သည် ကျော့​ကွင်း​ကဲ့​သို့ သင်​တို့​အ​ပေါ်​သို့ ရုတ်​တ​ရက်​ကျ​ရောက်​လာ​လိမ့်​မည်။

35. အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​သည် မြေ​တစ်​ပြင်​လုံး​၌​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။

36. ထို့​ကြောင့် သင်​တို့​သည် ဖြစ်​ပျက်​တော့​မည့် ဤ​အ​မှု​ခပ်​သိမ်း​တို့​မှ လွတ်​မြောက်​၍ လူ့​သား​၏​ရှေ့​တော်​၌ မတ်​တတ်​ရပ်​နိုင်​ရန် အ​ချိန်​ရှိ​သ​ရွေ့ နိုး​နိုး​ကြား​ကြား​ရှိ​လျက် ဆု​တောင်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ထို​နေ့၊ ထို​အ​ချိန်​ကို မည်​သူ​မျှ​မ​သိ

37. ကိုယ်​တော်​သည် နေ့​အ​ခါ​များ​၌ ဗိ​မာန်​တော်​တွင် သွန်​သင်​တော်​မူ​ပြီး ည​အ​ခါ​များ​၌​မူ အ​ပြင်​သို့​ထွက်​သွား​၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​ပေါ်​၌ ည​ကို​ကုန်​လွန်​စေ​တော်​မူ​၏။

38. လူ​အ​ပေါင်း​တို့​သည်​လည်း ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော ဗိ​မာန်​တော်​၌​ရှိ​သော​ကိုယ်​တော်​ထံ​သို့ လာ​ကြ​၏။