ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 15 Myanmar Standard Bible (MSB)

ပျောက်​သော​သိုး​ပုံ​ဥ​ပ​မာ

1. အ​ခွန်​ကောက်​ခံ​သူ​များ​နှင့် အ​ပြစ်​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​နား​ထောင်​ရန် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။

2. ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​ပြု​ဆ​ရာ​တို့​က “ဤ​သူ​သည် အ​ပြစ်​သား​များ​ကို​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား”​ဟု ဝေ​ဖန်​ပြစ်​တင်​ကြ​၏။

3. သို့​သော် ကိုယ်​တော်​သည် သူ​တို့​အား ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍​မြွက်​ဆို​တော်​မူ​သည်​မှာ

4. “သင်​တို့​ထဲ​မှ တစ်​စုံ​တစ်​ဦး​၌ သိုး​အ​ကောင်​တစ်​ရာ​ရှိ​ပြီး ၎င်း​တို့​ထဲ​မှ တစ်​ကောင်​သည်​ပျောက်​ဆုံး​လျှင် သူ​သည် ကိုး​ဆယ့်​ကိုး​ကောင်​ကို တော​ကန္တာ​ရ​၌​ထား​ခဲ့​၍ ပျောက်​ဆုံး​သော​သိုး​ကို​မ​တွေ့​မ​ချင်း​လိုက်​ရှာ​မည်​မ​ဟုတ်​လော။

5. ထို​သိုး​ကို​တွေ့​လျှင် သူ​သည် ဝမ်း​မြောက်​လျက် ၎င်း​ကို မိ​မိ​ပ​ခုံး​ပေါ်​တင်​၍

6. အိမ်​သို့​ပြန်​လာ​ပြီး​လျှင် မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​လျက် ‘ပျောက်​ဆုံး​သော​ငါ့​သိုး​ကို ပြန်​တွေ့​ပြီ​ဖြစ်​၍ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့’​ဟု ဆို​လိမ့်​မည်။

7. ထို​နည်း​တူ နောင်​တ​ရ​စ​ရာ​မ​လို​သည့် ဖြောင့်​မတ်​သော​သူ​ကိုး​ဆယ့်​ကိုး​ဦး​အ​တွက်​ထက် နောင်​တ​ရ​သည့်​အ​ပြစ်​သား​တစ်​ဦး​အ​တွက် ကောင်း​ကင်​ဘုံ​၌ ပို​၍​ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်​ဟု သင်​တို့​အား​ငါ​ဆို​၏။

8. ထို​မှ​တစ်​ပါး အ​မျိုး​သ​မီး​တစ်​ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်​ပြား​ရှိ​ပြီး ၎င်း​တို့​ထဲ​မှ တစ်​ပြား​သည်​ပျောက်​ဆုံး​လျှင် သူ​သည် ဆီ​မီး​ထွန်း​၍ အိမ်​ကို​လှဲ​ကျင်း​ကာ ၎င်း​ကို​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ​မည်​မ​ဟုတ်​လော။

9. ထို​ဒင်္ဂါး​ကို​တွေ့​လျှင် သူ​သည် မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​များ​ကို​ခေါ်​လျက် ‘ပျောက်​ဆုံး​သော​ငွေ​ဒင်္ဂါး​ကို ငါ​ပြန်​တွေ့​ပြီ​ဖြစ်​၍ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့’​ဟု ဆို​လိမ့်​မည်။

10. ထို​နည်း​တူ နောင်​တ​ရ​သော​အ​ပြစ်​သား​တစ်​ဦး​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ထဲ​တွင်​ဝမ်း​မြောက်​ခြင်း​ရှိ​၏​ဟု သင်​တို့​အား ငါ​ဆို​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

ပျောက်​သောဒင်္ဂါး​ပုံ​ဥ​ပ​မာ

11. တစ်​ဖန် ကိုယ်​တော်​က “လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။

12. သား​ငယ်​သည် ဖ​ခင်​အား ‘အ​ဖေ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော​အ​မွေ​ပစ္စည်း​ကို ခွဲ​ဝေ​ပေး​ပါ’​ဟု ဆို​သ​ဖြင့် ဖ​ခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲ​ဝေ​ပေး​လေ​၏။

13. ထို့​နောက် ရက်​များ​မ​ကြာ​မီ သား​ငယ်​သည် မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို​စု​စည်း​ပြီး​လျှင် ဝေး​လံ​သော​တိုင်း​ပြည်​သို့​ခ​ရီး​ထွက်​၍ ထို​အ​ရပ်​၌ အ​ထိန်း​အ​ကွပ်​မ​ရှိ​အ​သက်​ရှင်​လျက် မိ​မိ​၏​အ​မွေ​ပစ္စည်း​များ​ကို ဖြုန်း​တီး​လေ​၏။

14. မိ​မိ​၌​ရှိ​သ​မျှ​တို့​ကို အ​ကုန်​သုံး​စွဲ​ပြီး​သော​အ​ခါ ထို​ပြည်​အ​နှံ့​တွင် ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကျ​ရောက်​သ​ဖြင့် သူ​သည် ဆင်း​ရဲ​နွမ်း​ပါး​ခြင်း​သို့​ရောက်​လေ​၏။

15. ထို​အ​ခါ သူ​သည် ထို​ပြည်​မှ​ပြည်​သား​တစ်​ဦး​ထံ သွား​ရောက်​မှီ​ခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်း​ကျောင်း​ရန် သူ့​ကို မိ​မိ​လယ်​သို့​စေ​လွှတ်​လေ​၏။

16. သူ​သည် ဝက်​များ​စား​နေ​သော​ပဲ​တောင့်​များ​ကို​ပင် ဝ​လင်​စွာ​စား​ရ​ရန် တောင့်​တ​ခဲ့​သော်​လည်း မည်​သူ​က​မျှ သူ့​ကို စား​စ​ရာ​မ​ပေး​ခဲ့​ချေ။

17. ထို​အ​ခါ သူ​သည် အ​သိ​တ​ရား​ပြန်​ရ​၍ ‘ငါ့​အ​ဖေ​ထံ​၌ အ​လုပ်​သ​မား​မည်​မျှ​ပင်​များ​စေ​ကာ​မူ သူ​တို့​တွင် စား​စ​ရာ​အ​လျှံ​ပယ်​ရှိ​၏။ ငါ​မူ​ကား ဤ​အ​ရပ်​၌ အ​စာ​ငတ်​လျက် သေ​လု​မ​တတ်​ဖြစ်​နေ​ရ​၏။

18. ငါ​သည်​ထ​၍ ငါ့​အ​ဖေ​ထံ​သို့​သွား​ပြီး ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။

19. အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ။ အ​ကျွန်ုပ်​ကို အ​ဖေ​၏​အ​လုပ်​သ​မား​တစ်​ဦး​အ​ဖြစ်​ထား​ပါ’​ဟူ​၍ ငါ​ပြော​မည်​ဟု​ဆို​ပြီး​လျှင်

20. ထ​၍ မိ​မိ​ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​၏။ သူ​သည် အ​ဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖ​ခင်​သည် သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။

21. သား​က​လည်း ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ’​ဟု ဆို​၏။

22. သို့​သော် ဖ​ခင်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​အား ‘အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို အ​မြန်​ယူ​ခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်​စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိ​နပ်​ကို​စီး​စေ​ကြ​လော့။

23. ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်​ရွှင်​စွာ​စား​ကြ​စို့။

24. အ​ကြောင်း​မူ​ကား ငါ​၏​ဤ​သား​သည် သေ​ဆုံး​ခဲ့​သော်​လည်း ပြန်​ရှင်​လာ​ပြီး ပျောက်​ဆုံး​ခဲ့​သော်​လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့​နောက် သူ​တို့​သည် ပျော်​ပွဲ​ရွှင်​ပွဲ​ကို​အ​စ​ပြု​ကြ​လေ​၏။

25. လယ်​၌​ရှိ​သော သား​ကြီး​မူ​ကား ပြန်​လာ​၍ အိမ်​အ​နီး​သို့​ရောက်​လာ​သော​အ​ခါ တီး​မှုတ်​သံ​နှင့်​က​ခုန်​သံ​တို့​ကို​ကြား​ရ​သ​ဖြင့်

26. အ​စေ​ခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်​သည့်​အ​ခြင်း​အ​ရာ​များ​ဖြစ်​ပျက်​နေ​သ​နည်း’​ဟု မေး​မြန်း​လေ​၏။

27. အ​စေ​ခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်​လာ​ပြီ။ သူ့​ကို​ကျန်း​မာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အ​တွက် သင်​၏​ဖ​ခင်​သည် ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြော​ဆို​၏။

28. ထို​အ​ခါ သား​ကြီး​သည် အ​မျက်​ထွက်​၍ အ​ထဲ​သို့​မ​ဝင်​လို​သော​ကြောင့် သူ​၏​ဖ​ခင်​သည် အ​ပြင်​သို့​ထွက်​လာ​၍ သူ့​ကို​ဖျောင်း​ဖျ​လေ​၏။

29. သို့​ရာ​တွင် သူ​သည် ဖ​ခင်​အား ‘အ​ကျွန်ုပ်​သည် နှစ်​ပေါင်း​များ​စွာ အ​ဖေ့​ကို​အ​စေ​ခံ​၍ အ​ဖေ​၏​အ​မိန့်​ကို တစ်​ခါ​မျှ​မ​လွန်​ဆန်​ခဲ့​ပါ။ သို့​သော် အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​၏​မိတ်​ဆွေ​များ​နှင့်​အ​တူ​ပျော်​ရွှင်​ရန် အ​ဖေ​သည် အ​ကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။

30. သို့​ရာ​တွင် အ​ဖေ​၏​ဥစ္စာ​ပစ္စည်း​များ​ကို ပြည့်​တန်​ဆာ​များ​နှင့်​ဖြုန်း​တီး​ခဲ့​သည့် အ​ဖေ​၏​ဤ​သား​ပြန်​လာ​သော​အ​ခါ​၌​မူ သူ့​အ​တွက် ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို သတ်​ပေး​သည်​တ​ကား’​ဟု ဆို​၏။

31. ဖ​ခင်​က​လည်း ‘ငါ့​သား၊ သင်​သည် ငါ​နှင့်​အ​တူ​အ​မြဲ​ရှိ​နေ​၏။ ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​သည် သင်​၏​ဥစ္စာ​ဖြစ်​၏။

32. သို့​သော် သင်​၏​ညီ​သည် သေ​ဆုံး​ခဲ့​သော်​လည်း အ​သက်​ပြန်​ရှင်​ပြီး ပျောက်​ဆုံး​ခဲ့​သော်​လည်း ပြန်​တွေ့​ရ​သည်​ဖြစ်​၍ ယ​ခု​ဝမ်း​မြောက်​ပျော်​ရွှင်​သင့်​၏’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။