ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 20 Myanmar Standard Bible (MSB)

ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ​ကို​မေး​မြန်း​ခြင်း

1. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင် လူ​တို့​အား​သွန်​သင်​လျက် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် ရောက်​လာ​၍

2. “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို​လည်း​ကောင်း၊ ထို​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​ကို​ပြော​ပါ”​ဟု ကိုယ်​တော်​အား ဆို​ကြ​၏။

3. ကိုယ်​တော်​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။

4. ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော”​ဟု ပြန်​၍​မေး​တော်​မူ​၏။

5. ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

6. ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟု ယုံ​ကြည်​ကြ​သော​ကြောင့် သူ​တို့​သည် ငါ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​လိမ့်​မည်”​ဟု ပြော​ဆို​ကြ​၏။

7. ထို့​ကြောင့် သူ​တို့​က “အ​ဘယ်​က​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ပြန်​ဖြေ​ကြ​၏။

8. ထို​အ​ခါ ယေ​ရှု​က “ငါ​သည်​လည်း ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

စ​ပျစ်​ခြံ​ပိုင်​ရှင်​ပုံ​ဥ​ပ​မာ

9. ထို့​နောက် ကိုယ်​တော်​သည် လူ​တို့​အား ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍​မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​၍ ခြံ​သ​မား​တို့​အား​ငှား​ရမ်း​ပြီး​လျှင် ကာ​လ​အ​တန်​ကြာ​ခ​ရီး​ထွက်​လေ​၏။

10. အ​သီး​ပေါ်​ချိန်​ရောက်​သော​အ​ခါ စ​ပျစ်​ခြံ​ထွက်​အ​သီး​အ​ချို့​ကို​မိ​မိ​အား​ပေး​စေ​ရန် အ​စေ​အ​ပါး​တစ်​ဦး​ကို ခြံ​သ​မား​တို့​ထံ​သို့ စေ​လွှတ်​လေ​၏။ သို့​သော် ခြံ​သ​မား​တို့​သည် ထို​အ​စေ​အ​ပါး​ကို​ရိုက်​နှက်​ကာ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​ကြ​၏။

11. တစ်​ဖန် အ​ခြား​အ​စေ​အ​ပါး​တစ်​ဦး​ကို ထပ်​၍​စေ​လွှတ်​လေ​၏။ သို့​သော် သူ့​ကို​လည်း​ရိုက်​နှက်​၍ အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​ကြ​၏။

12. နောက်​တစ်​ဖန် တ​တိ​ယ​အ​စေ​အ​ပါး​ကို ထပ်​၍​စေ​လွှတ်​လေ​၏။ သို့​သော် ထို​အ​စေ​အ​ပါး​ကို​လည်း အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ နှင်​ထုတ်​ကြ​၏။

13. ထို​အ​ခါ စ​ပျစ်​ခြံ​ပိုင်​ရှင်​က ‘ငါ​မည်​သို့​ပြု​ရ​မည်​နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရို​သေ​ကောင်း​ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​၏။

14. သို့​သော် ခြံ​သ​မား​တို့​သည် သူ့​သား​ကို​မြင်​လျှင် ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ အ​မွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်​လာ​ရန် သူ့​ကို​သတ်​ကြ​စို့’​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ပြီး​လျှင်

15. သူ့​ကို စ​ပျစ်​ခြံ​အ​ပြင်​သို့​နှင်​ထုတ်​ကာ သတ်​ပစ်​ကြ​၏။ သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​သည် ထို​သူ​တို့​ကို မည်​သို့​ပြု​မည်​နည်း။

16. သူ​သည်​လာ​၍ ထို​ခြံ​သ​မား​တို့​ကို အ​ဆုံး​စီ​ရင်​ကာ စ​ပျစ်​ခြံ​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ ကြား​ရ​သော​သူ​တို့​က​လည်း “ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်”​ဟု ဆို​ကြ​၏။

17. ကိုယ်​တော်​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏’​ဟု​ရေး​ထား​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း။

18. ထို​ကျောက်​ပေါ်​သို့​ကျ​သော​သူ​တိုင်း​သည် အ​ပိုင်း​ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​သည် တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့​ကျ​လျှင် ထို​သူ​သည် ညက်​ညက်​ကြေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19. ကျမ်း​ပြု​ဆ​ရာ​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် မိ​မိ​တို့​အား​ရည်​ညွှန်း​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ​ကြောင်း သိ​ကြ​သ​ဖြင့် ထို​အ​ချိန်​မှာ​ပင် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော်​သူ​တို့​သည် လူ​တို့​ကို​ကြောက်​ကြ​၏။

ဘု​ရား​သ​ခင်​နှင့်​ဆီ​ဇာ​ဧ​က​ရာဇ်

20. ထို့​ကြောင့် သူ​တို့​သည် ကိုယ်​တော်​ကို​စောင့်​ကြည့်​လျက် နှုတ်​တော်​ထွက်​စ​ကား​တွင် အ​ပြစ်​ရှာ​၍ ကိုယ်​တော်​ကို ဘု​ရင်​ခံ​၏​အုပ်​ချုပ်​မှု​အာ​ဏာ​အောက်​သို့ အပ်​နှံ​နိုင်​ရန် ဖြောင့်​မတ်​သူ​အ​ဖြစ် ဟန်​ဆောင်​သော​သူ​လျှို​များ​ကို စေ​လွှတ်​ကြ​၏။

21. ထို​သူ​လျှို​တို့​က “ဆ​ရာ၊ ဆ​ရာ​သည် မှန်​ကန်​စွာ​ဟော​ပြော​သွန်​သင်​၍ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

22. ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ကျွန်ုပ်​တို့​အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

23. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော်​မူ​၍

24. “ငါ့​ကို ဒေ​နာ​ရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ပါ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့် ကမ္ပည်း​စာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

25. ကိုယ်​တော်​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

26. သူ​တို့​သည် လူ​တို့​ရှေ့​တွင် ကိုယ်​တော်​၏​စ​ကား​အ​မှား​ကို ကျော့​ဖမ်း​၍​မ​ရ​နိုင်​သည့်​အ​ပြင် ကိုယ်​တော်​၏​ဖြေ​ကြား​ပုံ​ကို​အံ့​သြ​လျက် တိတ်​ဆိတ်​သွား​ကြ​၏။

ဇဒ္ဒု​ကဲ​များ​နှင့်​ရှင်​ပြန်​ထ​မြောက်​ခြင်း

27. ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် ချဉ်း​ကပ်​လာ​၍

28. “ဆ​ရာ၊ တစ်​စုံ​တစ်​ဦး​၏​အစ်​ကို​သည် မ​ယား​ရှိ​သော်​လည်း သား​သ​မီး​မ​ထွန်း​ကား​ဘဲ သေ​ဆုံး​သွား​လျှင် ညီ​ဖြစ်​သူ​သည် မိ​မိ​အစ်​ကို​၏​မျိုး​ဆက်​ကို​ပေါက်​ပွား​စေ​ရန် ထို​မိန်း​မ​ကို​ယူ​ရ​မည်​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ရေး​ထား​ခဲ့​ပါ​သည်။

29. တစ်​ခါ​က ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် မိန်း​မ​ယူ​ပြီး သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​သွား​ပါ​သည်။

30. ထို​အ​ခါ ဒု​တိ​ယ​ညီ၊

31. ထို့​နောက် တ​တိ​ယ​ညီ​သည် ထို​မိန်း​မ​ကို​ယူ​ပါ​သည်။ ဤ​သို့​ဖြင့် ခု​နစ်​ဦး​စ​လုံး သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​သွား​ကြ​သည်။

32. နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

33. သို့​ဖြစ်​လျှင် ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ ထို​မိန်း​မ​သည် သူ​တို့​ထဲ​မှ မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား ခု​နစ်​ဦး​စ​လုံး ထို​မိန်း​မ​ကို မ​ယား​အ​ဖြစ်​ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

34. ယေ​ရှု​က​လည်း “မျက်​မှောက်​ကာ​လ​၏​သား​သ​မီး​တို့​သည် ထိမ်း​မြား​စုံ​ဖက်​၍ ပေး​စား​ဆောင်​နှင်း​တတ်​ကြ​၏။

35. သို့​သော် တ​မ​လွန်​ကာ​လ​သို့​ဝင်​စား​ရန်​နှင့် သေ​သော​သူ​တို့​ထဲ​မှ​ရှင်​ပြန်​ထ​မြောက်​ရန် ထိုက်​တန်​သည်​ဟု​မှတ်​ယူ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ပေး​စား​ဆောင်​နှင်း​ခြင်း​လည်း​မ​ရှိ။

36. နောက်​တစ်​ဖန် သေ​သည်​ဟူ​၍​လည်း​မ​ရှိ​နိုင်​ကြ။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ကောင်း​ကင်​တ​မန်​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် ရှင်​ပြန်​ထ​မြောက်​ခြင်း​၏​သား​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​၏​သား​များ​လည်း​ဖြစ်​ကြ​၏။

37. မော​ရှေ​သည်​လည်း ချုံ​ပုတ်​အ​ကြောင်း​ရေး​ထား​သော​အ​ခန်း​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ‘အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား’​ဟု​ခေါ်​၍ သေ​လွန်​သော​သူ​တို့​၏​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ဖော်​ပြ​ခဲ့​၏။

38. ဘု​ရား​သ​ခင်​သည် သေ​လွန်​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၌ အ​သက်​ရှင်​လျက်​ရှိ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

39. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က “ဆ​ရာ၊ ဆ​ရာ​သည် လျောက်​ပတ်​စွာ​ဖြေ​ကြား​လေ​ပြီ”​ဟု လျှောက်​ကြ​၏။

40. ထို​အ​ချိန်​မှ​စ​၍ သူ​တို့​သည် ကိုယ်​တော်​အား မည်​သည့်​အ​ရာ​ကို​မျှ မ​မေး​ဝံ့​တော့​ချေ။

ခ​ရစ်​တော်​နှင့်​ပတ်​သက်​သည့်​မေး​ခွန်း

41. ထို့​နောက် ကိုယ်​တော်​က “ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​သား​ဖြစ်​သည်​ဟု မည်​သို့​ပြော​ဆို​နိုင်​ကြ​မည်​နည်း။

42. အ​ကြောင်း​မူ​ကား ဒါ​ဝိဒ်​ကိုယ်​တိုင်​သည် ဆာ​လံ​ကျမ်း​တွင် ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​အား

43. သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​ထား​၏။

44. ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟု ခေါ်​လျှင် ခ​ရစ်​တော်​သည် မည်​ကဲ့​သို့ သူ​၏​သား​ဖြစ်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

ကျမ်း​ပြု​ဆ​ရာ​တို့​ကို​သ​တိ​ထား​ကြ​လော့

45. လူ​အ​ပေါင်း​တို့​သည် နား​ထောင်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား

46. “ကျမ်း​ပြု​ဆ​ရာ​တို့​ကို သ​တိ​ထား​ကြ​လော့။ သူ​တို့​သည် ဝတ်​လုံ​ကို​ဝတ်​လျက် သွား​လာ​ရန် အ​လို​ရှိ​ကြ​၍ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊ စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​များ​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

47. သူ​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို​မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။