ရှင်​မဿဲ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 21 Myanmar Standard Bible (MSB)

ဩ​ဘာ​ပေး​ခြင်း​ခံ​ရ​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​ဝင်​တော်​မူ​ခြင်း

1. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​၍ သံ​လွင်​တောင်​ခြေ​ရှိ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​လာ​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍

2. “သင်​တို့​ရှေ့​က​ရွာ​ထဲ​သို့ သွား​ကြ​လော့။ ထို​အ​ခါ ချည်​ထား​သော​မြည်း​မ​နှင့် သူ​၏​အ​နား​တွင်​ရှိ​သော​မြည်း​က​လေး​ကို သင်​တို့​ချက်​ချင်း​တွေ့​ကြ​လိမ့်​မည်။ မြည်း​ကြိုး​ဖြေ​၍ ငါ့​ထံ​သို့ ခေါ်​ဆောင်​လာ​ကြ​လော့။

3. တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား တစ်​စုံ​တစ်​ခု​ပြော​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ၎င်း​တို့​ကို ချက်​ချင်း​ပို့​ပေး​လိမ့်​မည်”​ဟူ​၍ မိန့်​တော်​မူ​၏။

4-5. ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​ခဲ့​ခြင်း​မှာ “‘ကြည့်​ရှု​လော့။ သင်​၏​ရှင်​ဘု​ရင်​သည် မြည်း​မ​နှင့်​မြည်း​၏​သား​တည်း​ဟူ​သော မြည်း​က​လေး​ကို​စီး​လျက် နူး​ညံ့​သိမ်​မွေ့​စွာ​ဖြင့် သင့်​ထံ​သို့​ကြွ​လာ​တော်​မူ​၏’​ဟူ​၍ ဇိ​အုန်​သ​မီး​အား ပြော​ကြား​ကြ​လော့”​ဟု ပ​ရော​ဖက်​အား​ဖြင့်​မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

6. တ​ပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။

7. သူ​တို့​သည် မြည်း​မ​နှင့်​မြည်း​က​လေး​ကို ခေါ်​ဆောင်​လာ​ပြီး​လျှင် ထို​မြည်း​တို့​အ​ပေါ်​၌ အ​ဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်​တော်​သည် ၎င်း​တို့​အ​ပေါ်​ထိုင်​တော်​မူ​၏။

8. အ​လွန်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား သစ်​ပင်​တို့​မှ အ​ကိုင်း​အ​ခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်​၌​ခင်း​ကြ​၏။

9. ကိုယ်​တော်​၏​ရှေ့​မှ​သွား​သော​လူ​ထု​ပ​ရိ​သတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူ​ထု​ပ​ရိ​သတ်​များ​သည် “ဒါ​ဝိဒ်​၏​သား​တော်​အား ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

10. ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​ထဲ​သို့​ဝင်​တော်​မူ​ရာ တစ်​မြို့​လုံး​ရုတ်​ရုတ်​ရက်​ရက်​ဖြစ်​သ​ဖြင့် “ဤ​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

11. လူ​ထု​ပ​ရိ​သတ်​များ​က​လည်း “ဤ​သူ​သည် ဂါ​လိ​လဲ​နယ် နာ​ဇ​ရက်​မြို့​မှ ပ​ရော​ဖက်​ယေ​ရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​ခြင်း

12. ယေ​ရှု​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အ​ပေါင်း​တို့​ကို နှင်​ထုတ်​ပြီး ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ​များ​နှင့် ချိုး​ငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​တော်​မူ​ကာ

13. ထို​သူ​တို့​အား “ ‘ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သော်​လည်း သင်​တို့​သည် ၎င်း​ကို ဓား​ပြ​တို့​ခို​အောင်း​ရာ ဖြစ်​စေ​ကြ​ပြီ​တ​ကား”​ဟု မိန့်​တော်​မူ​၏။

က​လေး​များ​ယေ​ရှု​ကို​ဩ​ဘာ​ပေး​ကြ​ခြင်း

14. ထို့​နောက် ဗိ​မာန်​တော်​၌ မျက်​မ​မြင်​များ​နှင့်​ခြေ​မ​သန်​စွမ်း​သူ​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​ရာ ကိုယ်​တော်​သည် သူ​တို့​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​တော်​မူ​၏။

15. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​များ​ကို​လည်း​ကောင်း၊ “ဒါ​ဝိဒ်​၏​သား​တော်​အား ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ဗိ​မာန်​တော်​၌ က​လေး​များ​ကြွေး​ကြော်​နေ​ကြ​သည်​ကို​လည်း​ကောင်း မြင်​လျှင် အ​မျက်​ထွက်​ကြ​၍

16. “ဤ​က​လေး​တို့​ပြော​ဆို​နေ​သော​အ​ရာ​ကို ကြား​သ​လော”​ဟု မေး​မြန်း​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​ကြား​၏။ ‘က​လေး​သူ​ငယ်​များ​နှင့် နို့​စို့​က​လေး​ငယ်​တို့​၏​နှုတ်​ထဲ​မှ ချီး​မွမ်း​ခြင်း​ကို ကိုယ်​တော်​ပြင်​ဆင်​တော်​မူ​၏’​ဟူ​သော ရေး​ထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲ​မှ​ထွက်​ခွာ​လျက် ဗေ​သ​နိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်​ည​တာ​ကုန်​လွန်​စေ​တော်​မူ​၏။

အ​သီး​မ​သီး​သော​သ​ဖန်း​ပင်

18. နံ​နက်​စော​စော မြို့​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

19. ထို​စဉ် လမ်း​၌ သ​ဖန်း​ပင်​တစ်​ပင်​ကို​မြင်​၍ ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​ရာ ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​မ​တွေ့​သ​ဖြင့် ထို​အ​ပင်​အား “ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် သင်​၌​အ​သီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ သ​ဖန်း​ပင်​သည် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

20. တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် အံ့​သြ​လျက် “သ​ဖန်း​ပင်​သည် မည်​သို့​သော​အား​ဖြင့် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​သ​နည်း”​ဟု ဆို​ကြ​၏။

21. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သင်​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ​လျက် သံ​သ​ယ​ကင်း​မဲ့​ကြ​လျှင် ဤ​သ​ဖန်း​ပင်​၌ ပြု​ခဲ့​သည့်​အ​မှု​မျိုး​ကို​ပြု​နိုင်​သည်​သာ​မ​က ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်​လယ်​ထဲ​သို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အ​တိုင်း​ဖြစ်​လိမ့်​မည်။

22. သင်​တို့​ဆု​တောင်း​သော​အ​ခါ​တွင်​လည်း ယုံ​ကြည်​ခြင်း​ဖြင့် တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ​ကို​မေး​မြန်း​ခြင်း

23. ထို့​နောက် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ သွန်​သင်​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ သက်​ကြီး​ဝါ​ကြီး​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍ “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

24. ယေ​ရှု​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ သင်​တို့ ငါ့​ကို​ဖြေ​ကြား​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့် ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။

25. ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် အ​ဘယ်​က​ဖြစ်​နည်း။ ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော”​ဟု မေး​တော်​မူ​၏။ ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့​ဖြစ်​လျှင် အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

26. ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​ရ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​အ​ဖြစ် မှတ်​ယူ​ကြ​၏”​ဟု ပြော​ဆို​ကြ​၏။

27. ထို့​ကြောင့် သူ​တို့​က “အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေ​ရှု​အား ပြန်​ဖြေ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “ငါ​သည်​လည်း ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော။

28. သင်​တို့​သည် မည်​သို့​ထင်​ကြ​သ​နည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပ​ထ​မ​သား​ထံ​သို့​သွား​၍ ‘ငါ့​သား၊ ယ​နေ့ စ​ပျစ်​ခြံ​သို့​သွား​၍ အ​လုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။

29. ထို​သား​သည် ‘အ​ကျွန်ုပ်​မ​သွား​လို​ပါ’​ဟု ပြန်​ဖြေ​သော်​လည်း နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် သွား​လေ​၏။

30. ဖ​ခင်​သည် အ​ခြား​သော​သား​ထံ​သို့​သွား​၍ ထို​နည်း​တူ​ပြော​လေ​၏။ ထို​သား​က ‘ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ်​သွား​ပါ​မည်’​ဟု ပြန်​ဖြေ​သော်​လည်း မ​သွား​ဘဲ​နေ​၏။

31. ထို​သား​နှစ်​ယောက်​တို့​တွင် မည်​သူ​သည် ဖ​ခင်​၏​အ​လို​ကို​ဆောင်​ရွက်​ခဲ့​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ပ​ထ​မ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​ထက်​အ​လျင်​ဦး​စွာ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ကြ​၏။

32. အ​ကြောင်း​မူ​ကား ယော​ဟန်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ဖြင့် သင်​တို့​ထံ​သို့​လာ​သော်​လည်း သင်​တို့​သည် သူ့​ကို​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​ပြည့်​တန်​ဆာ​တို့​မူ​ကား သူ့​ကို​ယုံ​ကြည်​ကြ​၏။ သင်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျက်​ပင် နောက်​မှ​စိတ်​ပြောင်း​လဲ​၍ သူ့​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။

33. အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို နား​ထောင်​ကြ​လော့။ ခြံ​ပိုင်​ရှင်​တစ်​ဦး​ရှိ​၏။ သူ​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​၍ ခြံ​စည်း​ရိုး​ခတ်​လျက် ခြံ​ထဲ​တွင် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်​စင်​ကို​ဆောက်​လေ​၏။ ထို့​နောက် ထို​ခြံ​ကို ခြံ​သ​မား​တို့​အား​ငှား​ရမ်း​၍ ခ​ရီး​ထွက်​လေ​၏။

34. အ​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ စ​ပျစ်​ခြံ​ထွက်​အ​သီး​များ​ကို​ရ​ယူ​ရန် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို ခြံ​သ​မား​တို့​ထံ​သို့ စေ​လွှတ်​လေ​၏။

35. ထို​အ​ခါ ခြံ​သ​မား​တို့​သည် ထို​သူ​၏​အ​စေ​အ​ပါး​တို့​ကို​ဖမ်း​ဆီး​၍ တစ်​ဦး​ကို​ရိုက်​နှက်​ကာ အ​ခြား​တစ်​ဦး​ကို​သတ်​ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။

36. နောက်​တစ်​ဖန် ယ​ခင်​ထက် ပို​၍​များ​ပြား​သော အ​ခြား​အ​စေ​အ​ပါး​တို့​ကို စေ​လွှတ်​လိုက်​ရာ ခြံ​သ​မား​တို့​သည် သူ​တို့​ကို​လည်း ထို​နည်း​တူ​ပြု​ကြ​၏။

37. ခြံ​ပိုင်​ရှင်​က​လည်း ‘သူ​တို့​သည် ငါ့​သား​ကို ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​လျက် နောက်​ဆုံး​တွင် မိ​မိ​၏​သား​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

38. သို့​သော် ခြံ​သ​မား​တို့​သည် ထို​သား​ကို​မြင်​သော​အ​ခါ ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ၊ သူ့​ကို​သတ်​၍ သူ​၏​အ​မွေ​ကို​ရ​ယူ​ကြ​စို့’​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​ပြီး​လျှင်

39. သူ့​ကို​ဖမ်း​ဆီး​၍ စ​ပျစ်​ခြံ​အ​ပြင်​သို့ ဆွဲ​ထုတ်​ကာ သတ်​ပစ်​ကြ​၏။

40. သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​ပြန်​လာ​သော​အ​ခါ ထို​ခြံ​သ​မား​တို့​ကို မည်​သို့​ပြု​မည်​နည်း”​ဟု မေး​တော်​မူ​၏။

သား​နှစ်​ယောက်​ပုံ​ဥ​ပ​မာ

41. သူ​တို့​က “ထို​ဆိုး​ယုတ်​သော​သူ​တို့​ကို ရက်​စက်​စွာ​အ​ဆုံး​စီ​ရင်​၍ အ​သီး​ပေါ်​ချိန်​တွင် သူ့​ကို​အ​သီး​ပေး​မည့် အ​ခြား​ခြံ​သ​မား​တို့​အား စ​ပျစ်​ခြံ​ကို ငှား​ရမ်း​ပါ​လိမ့်​မည်”​ဟု ဖြေ​ကြား​ကြ​၏။

42. ယေ​ရှု​က​လည်း “‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏။ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​ဖြစ်​လာ​၍ ငါ​တို့​၏​မျက်​မှောက်​၌ အံ့​ဩ​ဖွယ်​ဖြစ်​၏’​ဟု ကျမ်း​စာ​ထဲ​၌ မ​ဖတ်​ဖူး​ကြ​သ​လော။

43. ထို့​ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သင်​တို့​ထံ​မှ​သိမ်း​ယူ​၍ ထို​နိုင်​ငံ​တော်​၏​အ​သီး​ကို​သီး​မည့်​လူ​မျိုး​ထံ ပေး​တော်​မူ​လိမ့်​မည်။

44. [ထို​ကျောက်​ပေါ်​သို့​ကျ​သော​သူ​သည် အ​ပိုင်း​ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​သည် တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့​ကျ​လျှင် ထို​သူ​သည် ညက်​ညက်​ကြေ​လိမ့်​မည်]”​ဟု မိန့်​တော်​မူ​၏။

45. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​ကို​ကြား​လျှင် မိ​မိ​တို့​အ​ကြောင်း​မိန့်​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့်

46. ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​တစ်​ပါး​အ​ဖြစ် မှတ်​ယူ​ကြ​သော​ကြောင့် သူ​တို့​သည် လူ​တို့​ကို ကြောက်​ကြ​၏။