ရှင်​မဿဲ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 10 Myanmar Standard Bible (MSB)

တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို စေ​လွှတ်​တော်​မူ​ခြင်း

1. ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်​ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ ဤ​သည်​ကား ထို​နတ်​တို့​ကို​နှင်​ထုတ်​စေ​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​မှ​စ​၍ အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။

2. တစ်​ဆယ့်​နှစ်​ပါး​သော​တ​မန်​တော်​တို့​၏​နာ​မည်​များ​ကား ပ​ထ​မ​မှာ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​နှင့် သူ့​ညီ​အန္ဒြေ၊ ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​သူ့​ညီ​ယော​ဟန်၊

3. ဖိ​လိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊ သော​မ​နှင့်​အ​ခွန်​ကောက်​ခံ​သူ​မဿဲ၊ အာ​လ​ဖဲ​၏​သား ယာ​ကုပ်​နှင့်​သဒ္ဒဲ၊

4. မျိုး​ချစ်​ပုဂ္ဂိုလ်​ရှိ​မုန်​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

5. ယေ​ရှု​သည် ဤ​တစ်​ဆယ့်​နှစ်​ပါး​တို့​ကို​စေ​လွှတ်​၍ မိန့်​မှာ​တော်​မူ​သည်​ကား “လူ​မျိုး​ခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​နယ်​သား​တို့​၏​မြို့​ထဲ​သို့​လည်း မ​ဝင်​ကြ​နှင့်။

6. အစ္စ​ရေး​အ​မျိုး​၏​ပျောက်​ဆုံး​သော သိုး​များ​ထံ​သို့​သာ သွား​ကြ​လော့။

7. သင်​တို့​သွား​ကြ​သော​အ​ခါ ‘ကောင်း​ကင်​နိုင်​ငံ​တော်​ပေါ်​ထွန်း​လု​နီး​ပြီ’​ဟု ဟော​ပြော​ကြ​လော့။

8. နာ​မ​ကျန်း​ဖြစ်​သူ​တို့​ကို ကျန်း​မာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ အ​နာ​ကြီး​ရော​ဂါ​သည်​တို့​ကို စင်​ကြယ်​စေ​ကြ​လော့။ နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ခ​မဲ့​ရ​ရှိ​ကြ​သည့်​အ​လျောက် အ​ခ​မဲ့​ပေး​ကြ​လော့။

9. သင်​တို့​၏​ခါး​ပန်း​တွင် ရွှေ၊ ငွေ၊ ကြေး​ဒင်္ဂါး​တို့​ကို မ​ထည့်​သွား​ကြ​နှင့်။

10. လမ်း​ခ​ရီး​အ​တွက် လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့် တောင်​ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​လုပ်​လုပ်​သော​သူ​သည် မိ​မိ​စား​စ​ရာ​ကို​ရ​ထိုက်​၏။

11. မည်​သည့်​မြို့​ရွာ​သို့​မ​ဆို သင်​တို့​ဝင်​ကြ​သော​အ​ခါ ထို​မြို့​ရွာ​၌ မည်​သူ​သည် ထိုက်​တန်​သော​သူ​ဖြစ်​သည်​ကို ရှာ​ဖွေ​စုံ​စမ်း​ပြီး ပြန်​လည်​ထွက်​ခွာ​သည့်​တိုင်​အောင် ထို​သူ​၏​အိမ်​၌ တည်း​ခို​ကြ​လော့။

12. ထို​အိမ်​သို့​ဝင်​သော​အ​ခါ နှုတ်​ဆက်​ကြ​လော့။

13. ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​၏​ငြိမ်​သက်​ခြင်း​သည် ၎င်း​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ။ မ​ထိုက်​တန်​လျှင်​မူ​ကား သင်​တို့​၏​ငြိမ်​သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​ပါ​စေ။

14. မည်​သူ​မျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ် သို့​မ​ဟုတ် ထို​မြို့​ပြင်​သို့​ထွက်​သွား​ကြ​စဉ် သင်​တို့​၏​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့။

15. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​သည် ထို​မြို့​ထက် ခံ​သာ​ကြ​လိမ့်​မည်။

16. နား​ထောင်​ကြ​လော့။ ဝံ​ပု​လွေ​များ​ထဲ​သို့ သိုး​တို့​ကို​စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်​၏။ ထို့​ကြောင့် မြွေ​ကဲ့​သို့​လိမ္မာ​ပါး​နပ်​လျက် ချိုး​ငှက်​ကဲ့​သို့​ရိုး​သား​ဖြူ​စင်​ကြ​လော့။

17. လူ​တို့​ကို သ​တိ​ထား​ကြ​လော့။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့​အပ်​နှံ​လျက် သူ​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်​ခတ်​ရိုက်​နှက်​ကြ​လိမ့်​မည်။

18. သင်​တို့​သည် ဘု​ရင်​ခံ​များ​နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​သို့ ငါ့​အ​တွက်​ကြောင့် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူ​မျိုး​ခြား​တို့​ထံ သက်​သေ​ဖြစ်​ကြ​လိမ့်​မည်။

19. သူ​တို့​သည် သင်​တို့​ကို​အပ်​နှံ​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​ပြော​ဆို​ရ​မည့်​အ​ရာ​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်​မည်။

20. အ​ဘယ်​ကြောင့်​ဆို​သော် ပြော​ဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အား​ဖြင့်​ပြော​ဆို​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဝိ​ညာဉ်​တော်​ဖြစ်​၏။

21. ညီ​အစ်​ကို​ချင်း တစ်​ဦး​က​တစ်​ဦး​ကို​လည်း​ကောင်း၊ အ​ဖ​သည် သား​သ​မီး​ကို​လည်း​ကောင်း သေ​ခြင်း​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​များ​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ သူ​တို့​ကို သေ​စေ​ရန်​ပြု​ကြ​လိမ့်​မည်။

22. လူ​အ​ပေါင်း​တို့​သည်​လည်း ငါ့​နာ​မ​ကြောင့် သင်​တို့​ကို​မုန်း​တီး​ကြ​လိမ့်​မည်။ သို့​သော် အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

23. မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်း​ဆဲ​ကြ​သော​အ​ခါ အ​ခြား​တစ်​မြို့​သို့ ထွက်​ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အစ္စ​ရေး​မြို့​များ​ကို သင်​တို့​အ​နှံ့​မ​ရောက်​မီ လူ့​သား​သည်​ကြွ​လာ​လိမ့်​မည်။

24. တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သ​ခင်​ထက် မြတ်​သည်​မ​ဟုတ်။

25. တ​ပည့်​သည် သူ့​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည် သူ့​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လာ​လျှင် လုံ​လောက်​ပေ​၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်​သူ​အိမ်​သား​များ​ကို မည်​မျှ ပို​၍​ဆိုး​ရွား​စွာ​ခေါ်​ကြ​လိမ့်​မည်​နည်း။

26. ထို့​ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဖုံး​အုပ်​ထား​သည့်​အ​ရာ​များ​တွင် ဖွင့်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ကွယ်​ဝှက်​ထား​သည့်​အ​ရာ​များ​တွင်​လည်း ဖော်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

27. သင်​တို့​အား မှောင်​မိုက်​၌ ငါ​ပြော​သော​အ​ရာ​တို့​ကို အ​လင်း​၌​ပြော​ကြား​ကြ​လော့။ နား​အ​ပါး​ကပ်​ပြော​၍​ကြား​ရ​သော​အ​ရာ​တို့​ကို လေ​သာ​ဆောင်​အ​ပေါ်​မှ ဟော​ပြော​ကြ​လော့။

28. ကိုယ်​ခန္ဓာ​ကို​သတ်​၍ အ​သက်​ဝိ​ညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခန္ဓာ​နှင့်​အ​သက်​ဝိ​ညာဉ်​နှစ်​မျိုး​စ​လုံး​ကို င​ရဲ​၌​ဖျက်​ဆီး​နိုင်​သော​အ​ရှင်​ကို​သာ ကြောက်​ကြ​လော့။

29. စာ​က​လေး​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​အ​ဖ​၏​အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​က​လေး​တစ်​ကောင်​မျှ မြေ​ပေါ်​သို့​ကျ​လိမ့်​မည်​မ​ဟုတ်။

30. သင်​တို့​ဦး​ခေါင်း​မှ ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။

31. ထို့​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက် အ​ဖိုး​ထိုက်​ကြ​၏။

32. သို့​ဖြစ်​၍ မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌​ငါ့​ကို​ဝန်​ခံ​လျှင် ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ထို​သူ​ကို​ဝန်​ခံ​မည်။

33. သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ငြင်း​ပယ်​မည်။

34. မြေ​ကြီး​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​၏။

35. အ​ကြောင်း​မူ​ကား သား​ကို သူ​၏​အ​ဖ​နှင့်​လည်း​ကောင်း၊ သ​မီး​ကို သူ​၏​အ​မိ​နှင့်​လည်း​ကောင်း၊ ချွေး​မ​ကို သူ​၏​ယောက္ခ​မ​နှင့်​လည်း​ကောင်း စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။

36. လူ​တစ်​ဦး​၏​ရန်​သူ​တို့​မှာ​လည်း သူ​၏​အိမ်​သူ​အိမ်​သား​များ​ဖြစ်​ကြ​လိမ့်​မည်။

37. ငါ့​ထက် ဖ​ခင်​ကို​ဖြစ်​စေ၊ မိ​ခင်​ကို​ဖြစ်​စေ ပို​၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်​တန်။ ငါ့​ထက် သား​ကို​ဖြစ်​စေ၊ သ​မီး​ကို​ဖြစ်​စေ ပို​၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်​တန်။

38. မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်​တန်။

39. မိ​မိ​အ​သက်​ကို​တွေ့​ရှိ​သော​သူ​သည် အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။ ငါ့​အ​တွက် မိ​မိ​အ​သက်​ကို အ​ဆုံး​ရှုံး​ခံ​သော​သူ​မူ​ကား အ​သက်​ကို​တွေ့​ရှိ​လိမ့်​မည်။

40. သင်​တို့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​အား​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏။

41. ပ​ရော​ဖက်​ဟူ​သော​အ​မည်​နာ​မ​ကို​ထောက်​၍ ပ​ရော​ဖက်​ကို လက်​ခံ​သော​သူ​သည် ပ​ရော​ဖက်​နှင့်​ဆိုင်​သော​အ​ကျိုး​ကျေး​ဇူး​ကို ရ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ဟူ​သော​အ​မည်​နာ​မ​ကို​ထောက်​၍ ဖြောင့်​မတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည်​လည်း ဖြောင့်​မတ်​သော​သူ​နှင့်​ဆိုင်​သော​အ​ကျိုး​ကျေး​ဇူး​ကို ရ​ရှိ​လိမ့်​မည်။

42. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ တ​ပည့်​တော်​ဟူ​သော​အ​မည်​နာ​မ​ကို​ထောက်​၍ ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​အား ရေ​အေး​တစ်​ခွက်​မျှ​ပင် တိုက်​သော​သူ​သည် အ​ကျိုး​ကျေး​ဇူး​ကို လုံး​ဝ​ဆုံး​ရှုံး​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။