9. ဟေရုဒ်ကလည်း “ယောဟန်၏ဦးခေါင်းကို ငါဖြတ်ခဲ့၏။ သို့ရာတွင် ဤမျှလောက် ငါသတင်းကြားနေရသော ဤသူကား မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုတွေ့မြင်ရရန် ရှာကြံလေ၏။
10. တမန်တော်တို့သည် ပြန်လာ၍ သူတို့ပြုခဲ့သမျှတို့ကို ကိုယ်တော်အား ကြားလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုသာခေါ်၍ ဗက်ဇဲဒဟုခေါ်သောမြို့သို့ ကြွတော်မူ၏။
11. သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။
12. ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
13. သို့သော် ကိုယ်တော်က “သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်ပါက အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
14. (ထိုသို့လျှောက်ကြခြင်းမှာ လူငါးထောင်ခန့်မျှရှိသောကြောင့်ဖြစ်၏။) ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့ကို ငါးဆယ်ခန့်စီစု၍ ထိုင်စေကြလော့”ဟု မိန့်တော်မူ၏။
15. တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်းဆောင်ရွက်ကြလျက် လူအားလုံးတို့ကိုထိုင်စေကြ၏။
16. ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့၍ လူထုပရိသတ်ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။
17. လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။
18. တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိကြ၏။ ထိုအခါ ကိုယ်တော်က “လူထုပရိသတ်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ သူတို့အား မေးတော်မူ၏။
19. သူတို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ရှေးပရောဖက်တစ်ပါးပါးထမြောက်လာသည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
20. ယေရှုကလည်း “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ဘုရားသခင်၏ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
21. ထိုအခါ ကိုယ်တော်သည် သူတို့အား သတိပေးလျက် ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် အမိန့်ပေးတော်မူပြီးလျှင်
22. “လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏”ဟု မိန့်တော်မူ၏။
23. ထို့နောက် လူအပေါင်းတို့အား “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။