Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:5-23 Myanmar Standard Bible (MSB)

5. မည်​သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်​သွား​ကြ​စဉ် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​စေ​ရန် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

6. သူ​တို့​သည်​လည်း ထွက်​သွား​ပြီး​လျှင် တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​ကာ အ​ရပ်​ရပ်​တို့​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။

7. နယ်​စား​ဟေ​ရုဒ်​သည် ဖြစ်​ပျက်​နေ​သော​အ​ရာ​အား​လုံး​ကို​ကြား​ရ​သော​အ​ခါ ဝေ​ခွဲ​မ​ရ​ဖြစ်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​အ​ချို့​တို့​က “ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊

8. အ​ချို့​တို့​က “ဧ​လိ​ယ​ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

9. ဟေ​ရုဒ်​က​လည်း “ယော​ဟန်​၏​ဦး​ခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့​ရာ​တွင် ဤ​မျှ​လောက် ငါ​သ​တင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်​သူ​နည်း”​ဟု ဆို​လျက် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ရန် ရှာ​ကြံ​လေ​၏။

10. တ​မန်​တော်​တို့​သည် ပြန်​လာ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား ကြား​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်​ဇဲ​ဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​၏။

11. သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် သိ​ကြ​သ​ဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ကြို​ဆို​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​တော်​မူ​၏။ ကျန်း​မာ​ခြင်း​လို​အပ်​သော​သူ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

12. ည​နေ​စောင်း​သော​အ​ခါ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​တို့​သည် ဝန်း​ကျင်​ရှိ ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ တည်း​ခို​နိုင်​ရန်​နှင့် အ​စား​အ​စာ​များ​ရ​ရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

13. သို့​သော် ကိုယ်​တော်​က “သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အား​လုံး​အ​တွက် အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​ပါ​က အ​ကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14. (ထို​သို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါး​ထောင်​ခန့်​မျှ​ရှိ​သော​ကြောင့်​ဖြစ်​၏။) ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​ကို ငါး​ဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

15. တ​ပည့်​တော်​တို့​သည်​လည်း အ​မိန့်​တော်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျက် လူ​အား​လုံး​တို့​ကို​ထိုင်​စေ​ကြ​၏။

16. ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူ​ထု​ပ​ရိ​သတ်​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။

17. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​ရ​ကြ​၏။

18. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တစ်​ပါး​တည်း​ဆု​တောင်း​လျက်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “လူ​ထု​ပ​ရိ​သတ်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ သူ​တို့​အား မေး​တော်​မူ​၏။

19. သူ​တို့​က​လည်း “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့​သော် အ​ချို့​တို့​က ဧ​လိ​ယ​ဟု ဆို​ကြ​၍ အ​ချို့​တို့​က​လည်း ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ​၍ ပြန်​လျှောက်​ကြ​၏။

20. ယေ​ရှု​က​လည်း “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင် ပေ​တ​ရု​က “ဘု​ရား​သ​ခင်​၏​ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

21. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​အား သ​တိ​ပေး​လျက် ဤ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ရန် အ​မိန့်​ပေး​တော်​မူ​ပြီး​လျှင်

22. “လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​လျက် သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​၍ အ​သေ​သတ်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23. ထို့​နောက် လူ​အ​ပေါင်း​တို့​အား “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို နေ့​စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။