Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:41-57 Myanmar Standard Bible (MSB)

41. ယေ​ရှု​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍ သင်​တို့​ကို​သည်း​ခံ​ရ​မည်​နည်း။ သင်​၏​သား​ကို ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

42. သူ​ငယ်​လာ​နေ​စဉ်​တွင် နတ်​ဆိုး​သည် သူ့​ကို​လှဲ​ချ​ကာ တက်​စေ​၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို​ဆုံး​မ​၍ သူ​ငယ်​ကို​ကျန်း​မာ​စေ​ပြီး​လျှင် သူ့​ကို ဖ​ခင်​ထံ ပြန်​အပ်​တော်​မူ​၏။

43. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​သော​တန်​ခိုး​တော်​ကို အံ့​သြ​ချီး​မွမ်း​ကြ​၏။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ရာ​အား​လုံး​ကို လူ​အ​ပေါင်း​တို့​အံ့​သြ​နေ​ကြ​စဉ် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား

44. “ဤ​စ​ကား​များ​ကို သင်​တို့​နား​ထဲ​၌ စွဲ​မြဲ​စေ​ကြ​လော့။ လူ့​သား​သည် လူ​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

45. သို့​သော် ထို​စ​ကား​ကို တ​ပည့်​တော်​တို့​နား​မ​လည်​စေ​ရန် ဖုံး​ကွယ်​ထား​သ​ဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စ​ကား​နှင့်​ပတ်​သက်​၍ ကိုယ်​တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။

46. ထို့​နောက် တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု အ​ချင်း​ချင်း​ငြင်း​ခုံ​ကြ​၏။

47. ယေ​ရှု​သည် သူ​တို့​၏​စိတ်​နှ​လုံး​တွေး​တော​ဆင်​ခြင်​မှု​ကို သိ​တော်​မူ​လျက် သူ​ငယ်​တစ်​ဦး​ကို​ခေါ်​၍ မိ​မိ​အ​နား​တွင်​ရပ်​စေ​ပြီး​လျှင်

48. “ဤ​သူ​ငယ်​တစ်​ဦး​ကို ငါ​၏​နာ​မ​၌ လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ကြီး​မြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

49. ထို​အ​ခါ ယော​ဟန်​က “သ​ခင်၊ သ​ခင်​၏​နာ​မ​ဖြင့် နတ်​ဆိုး​များ​နှင်​ထုတ်​နေ​သူ​တစ်​ဦး​ကို အ​ကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်​သော​ကြောင့် သူ့​ကို​တား​မြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

50. သို့​သော် ယေ​ရှု​က “မ​တား​မြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​ကို​မ​ဆန့်​ကျင်​သော​သူ​သည် သင်​တို့​ဘက်​သား​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

51. ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ခံ​တော်​မူ​မည့်​နေ့​ရက် နီး​ကပ်​လာ​သော​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​ရန် ရှေး​ရှု​လျက်

52. စေ​တ​မန်​တို့​ကို မိ​မိ​ရှေ့​မှ​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်​တော်​အ​တွက်​ပြင်​ဆင်​ထား​ရန် ရှ​မာ​ရိ​နယ်​သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။

53. သို့​သော် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ဦး​တည်​လျက် ခ​ရီး​သွား​နေ​သည်​ဖြစ်​သော​ကြောင့် ထို​ရွာ​သား​တို့​သည် ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။

54. တ​ပည့်​တော်​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် ထို​အ​ဖြစ်​ကို​မြင်​လျှင် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိုး​ကောင်း​ကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်​ကျွမ်း​စေ​ရန် ကိုယ်​တော်​အ​လို​ရှိ​ပါ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

55. သို့​သော် ကိုယ်​တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံး​မ​တော်​မူ​၏။

56. ထို့​နောက် သူ​တို့​သည် အ​ခြား​သော​ရွာ​သို့​သွား​ကြ​၏။

57. သူ​တို့​သည် လမ်း​၌​ခ​ရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်​တော်​သွား​သည့်​နေ​ရာ​တိုင်း​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။