30. ထိုအချိန်တွင် လူနှစ်ဦးတို့သည် ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုသူတို့မှာ မောရှေနှင့်ဧလိယတို့ဖြစ်ကြ၏။
31. သူတို့သည် ဘုန်းအသရေနှင့်တကွပေါ်လာ၍ ဂျေရုဆလင်မြို့တွင်ပြည့်စုံတော့မည့် ကိုယ်တော်၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုနေကြ၏။
32. ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။
33. ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။
34. ထိုသို့ ပေတရုလျှောက်ထားစဉ် မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းလေ၏။ သူတို့သည် မိုးတိမ်ထဲသို့ ရောက်သွားစဉ် ကြောက်ရွံ့ကြ၏။
35. ထိုအခါ မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၍ “ဤသူကား ငါရွေးကောက်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
36. ထိုအသံတော်ထွက်ပေါ်လာပြီးသည့်နောက် ယေရှုတစ်ပါးတည်းကိုသာတွေ့မြင်ရတော့၏။ တပည့်တော်တို့သည် မိမိတို့တွေ့မြင်ရသည့်အရာကို ထိုနေ့ရက်များ၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
37. နောက်တစ်နေ့တွင် သူတို့သည် တောင်ပေါ်မှဆင်းလာကြရာ များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။
38. ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။
39. နတ်သည် သူ့ကိုပူးဝင်သဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့ထံမှထွက်ခဲလှပါ၏။
40. သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ”ဟု အော်ဟစ်လျှောက်ထားလေ၏။
41. ယေရှုကလည်း “အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။