1. ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုစုရုံးစေပြီးလျှင် သူတို့အား နတ်ဆိုးအပေါင်းတို့ကိုနိုင်၍ ရောဂါများကိုငြိမ်းစေနိုင်သော တန်ခိုးနှင့်အခွင့်အာဏာတို့ကိုပေးတော်မူ၏။
2. ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်နှင့် နာမကျန်းဖြစ်သူများကိုကျန်းမာစေရန် သူတို့ကိုစေလွှတ်တော်မူ၍
3. “လမ်းခရီးအတွက် မည်သည့်အရာကိုမျှ မယူသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာနှင့် ငွေတို့ကိုလည်း မယူသွားကြနှင့်။ အင်္ကျီကိုလည်း အပိုမဆောင်ကြနှင့်။
4. မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။
5. မည်သူမျှ သင်တို့ကိုလက်မခံလျှင် ထိုမြို့မှထွက်သွားကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။
6. သူတို့သည်လည်း ထွက်သွားပြီးလျှင် တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ အရပ်ရပ်တို့တွင် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် အနာရောဂါများကိုငြိမ်းစေကြ၏။
7. နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊
8. အချို့တို့က “ဧလိယပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း “ရှေးပရောဖက်တစ်ပါးပါးထမြောက်လာပြီ”ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။
9. ဟေရုဒ်ကလည်း “ယောဟန်၏ဦးခေါင်းကို ငါဖြတ်ခဲ့၏။ သို့ရာတွင် ဤမျှလောက် ငါသတင်းကြားနေရသော ဤသူကား မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုတွေ့မြင်ရရန် ရှာကြံလေ၏။
10. တမန်တော်တို့သည် ပြန်လာ၍ သူတို့ပြုခဲ့သမျှတို့ကို ကိုယ်တော်အား ကြားလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုသာခေါ်၍ ဗက်ဇဲဒဟုခေါ်သောမြို့သို့ ကြွတော်မူ၏။
11. သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။
12. ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
13. သို့သော် ကိုယ်တော်က “သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်ပါက အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
14. (ထိုသို့လျှောက်ကြခြင်းမှာ လူငါးထောင်ခန့်မျှရှိသောကြောင့်ဖြစ်၏။) ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့ကို ငါးဆယ်ခန့်စီစု၍ ထိုင်စေကြလော့”ဟု မိန့်တော်မူ၏။
15. တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်းဆောင်ရွက်ကြလျက် လူအားလုံးတို့ကိုထိုင်စေကြ၏။
16. ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့၍ လူထုပရိသတ်ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။