7. ကိုယ်တော်က လူ့သားသည် အပြစ်သားတို့၏လက်သို့အပ်နှံခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်မဟုတ်လော”ဟု မြွက်ဆိုကြ၏။
8. ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍
9. သင်္ချိုင်းတော်မှ ပြန်သွားပြီးလျှင် တစ်ဆယ့်တစ်ပါးသောတပည့်တော်နှင့် အခြားသောသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။
10. တမန်တော်တို့အား ဤအကြောင်းအရာများကိုပြောပြသောသူတို့မှာ မာဂဒလမြို့သူမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူမာရိမှစ၍ သူတို့နှင့်အတူရှိသော အခြားအမျိုးသမီးများဖြစ်ကြ၏။
11. သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။
12. သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
13. ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။
14. သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။
15. ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။
16. သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။
17. ကိုယ်တော်ကလည်း “သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။