Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:40-56 Myanmar Standard Bible (MSB)

40. သို့​သော် အ​ခြား​တစ်​ဦး​သည် သူ့​ကို​ဆုံး​မ​၍ “သင်​သည် သူ​နှင့်​တူ​ညီ​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လျက်​ပင် ဘု​ရား​သ​ခင်​ကို​မ​ကြောက်​သ​လော။

41. ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ​နှင့် ထိုက်​သင့်​သော​ဒဏ်​ကို​ခံ​ရ​ကြ​သည်​ဖြစ်​၍ အ​မှန်​ပင်​တ​ရား​ပါ​သည်။ ဤ​အ​ရှင်​မူ​ကား မည်​သည့်​အ​ပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။

42. ထို့​နောက် “ယေ​ရှု၊ ကိုယ်​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ကိုယ်​တော်​ကြွ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

43. ကိုယ်​တော်​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​မည်။ သင်​သည် ယ​နေ့​ပင် ငါ​နှင့်​အ​တူ​ပ​ရ​ဒိ​သု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်​မူ​၏။

44. ထို​အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။ ထို​မှ​မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လေ​၏။

45. နေ​၏​အ​လင်း​ကွယ်​ပျောက်​သွား​ပြီး ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​လယ်​မှ​ကွဲ​သွား​လေ​၏။

46. ထို​အ​ခါ ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​၏​လက်​သို့ အပ်​နှံ​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​သို့​မြွက်​ဆို​ပြီး​နောက် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

47. ဤ​အ​ဖြစ်​အ​ပျက်​များ​ကို တွေ့​မြင်​သော​တပ်​မှူး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် “ဤ​သူ​သည် အ​မှန်​ပင်​ဖြောင့်​မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။

48. ထို​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန် စု​ဝေး​လာ​ကြ​သော​လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​ဖြစ်​အ​ပျက်​များ​ကို​မြင်​၍ ရင်​ဘတ်​စည်​တီး​လျက်​ပြန်​သွား​ကြ​၏။

49. ကိုယ်​တော်​ကို​သိ​ကျွမ်း​သော​သူ​အ​ပေါင်း​တို့​မှ​စ​၍ ဂါ​လိ​လဲ​နယ်​မှ ကိုယ်​တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အ​မျိုး​သ​မီး​တို့​သည် အ​ဝေး​မှ​ရပ်​လျက် ဤ​အ​ခြင်း​အ​ရာ​များ​ကို​ကြည့်​နေ​ကြ​၏။

50. ထို​အ​ချိန်​အ​ခါ​၌ ဖြောင့်​မတ်​၍​သူ​တော်​ကောင်း​ဖြစ်​သည့် ယော​သပ်​အ​မည်​ရှိ​သော လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ​၏။

51. သူ​သည် လွှတ်​တော်​၏​ဆုံး​ဖြတ်​ချက်​နှင့် လုပ်​ဆောင်​ချက်​တို့​ကို သ​ဘော​မ​တူ​ခဲ့​ပေ။ ယော​သပ်​သည် ယု​ဒ​ပြည်၊ အ​ရိ​မ​သဲ​မြို့​သား​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​လည်း​ဖြစ်​၏။

52. သူ​သည် ပိ​လတ်​မင်း​ထံ​သို့​သွား​၍ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​ပြီး​လျှင်

53. အ​လောင်း​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ချ​၍ ပိတ်​ချော​ဖြင့်​ပတ်​ရစ်​ကာ မည်​သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲ​တွင် သွင်း​ထား​၏။

54. ထို​နေ့​ကား ပြင်​ဆင်​ရာ​နေ့​ဖြစ်​၍ ဥ​ပုသ်​နေ့​သို့​ကူး​ရန် နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

55. ဂါ​လိ​လဲ​နယ်​မှ ကိုယ်​တော်​နှင့်​အ​တူ​ပါ​လာ​သော အ​မျိုး​သ​မီး​များ​သည်​လည်း နောက်​မှ​လိုက်​လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​လောင်း​တော်​ကို မည်​သို့​ထား​ကြ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ​၏။

56. ထို့​နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီ​မွှေး​နှင့်​အ​မွှေး​နံ့​သာ​တို့​ကို ပြင်​ဆင်​ကြ​၏။ ဥ​ပုသ်​နေ့​၌​ကား ပ​ညတ်​တော်​အ​တိုင်း အ​နား​ယူ​ကြ​၏။