31. အကြောင်းမူကား သူတို့သည် စိမ်းစိုသောအပင်ကို ဤသို့ပြုကြလျှင် ခြောက်သွေ့သောအပင်၌ မည်သို့ဖြစ်လိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
32. သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။
33. ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
34. ထိုအခါ ယေရှုက “အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။
35. လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။
36. စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ
37. “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။
38. ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။
39. ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။
40. သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။
41. ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံရကြသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။
42. ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ကိုယ်တော်ကြွတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
43. ကိုယ်တော်ကလည်း “သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။
44. ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
45. နေ၏အလင်းကွယ်ပျောက်သွားပြီး ဗိမာန်တော်ကန့်လန့်ကာသည် အလယ်မှကွဲသွားလေ၏။
46. ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက် “အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။