18. သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
19. ဗာရဗ္ဗသည် မြို့ထဲတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူဖြစ်၏။
20. ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။
21. သို့သော် သူတို့သည် “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ။ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။
22. ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။
23. သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။
24. ထိုအခါ ပိလတ်မင်းသည် သူတို့၏တောင်းဆိုချက်အတိုင်းလုပ်ပေးရန် စီရင်ဆုံးဖြတ်၍
25. ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့အတွက် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူကို သူတို့တောင်းဆိုသည့်အတိုင်း လွှတ်ပေးပြီး ယေရှုကိုမူ သူတို့ဆန္ဒအတိုင်းပြုရန် အပ်နှံလိုက်လေ၏။
26. သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြစဉ် တောရွာမှလာသော ကုရေနေမြို့သားရှိမုန်ကိုဖမ်းဆီး၍ သူ့အပေါ်၌ လက်ဝါးကပ်တိုင်ကိုတင်လျက်ထမ်းစေကာ ယေရှု၏နောက်မှ လိုက်စေကြ၏။
27. လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။
28. ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍ “ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။
29. အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။
30. ထိုအခါ လူတို့သည် တောင်များအား ‘ငါတို့အပေါ်သို့ပြိုကျကြပါ’ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား ‘ငါတို့ကိုဖုံးအုပ်ကြပါ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။
31. အကြောင်းမူကား သူတို့သည် စိမ်းစိုသောအပင်ကို ဤသို့ပြုကြလျှင် ခြောက်သွေ့သောအပင်၌ မည်သို့ဖြစ်လိမ့်မည်နည်း”ဟု မိန့်တော်မူ၏။