11. ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
12. ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
13. ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူထုတို့ကို စုဝေးစေ၍
14. “သင်တို့သည် လူထုကိုမှားယွင်းစေရန်လှုံ့ဆော်သူအဖြစ် ဤသူကို ငါ့ထံသို့ခေါ်ဆောင်လာကြ၏။ သို့သော် ကြည့်လော့။ ငါသည် သင်တို့ရှေ့မှာပင် သူ့ကိုစစ်ဆေးခဲ့သော်လည်း ဤသူအပေါ် သင်တို့စွပ်စွဲသည့်အပြစ်တစ်စုံတစ်ခုမျှမတွေ့။
15. ဟေရုဒ်သည်လည်း အပြစ်မတွေ့သဖြင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့လိုက်၏။ သူသည် သေထိုက်သောအပြစ်တစ်စုံတစ်ခုကိုမျှ မပြုခဲ့ချေ။
16. ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု ဆို၏။
17. [ထိုသို့ဆိုခြင်းမှာ ပိလတ်မင်းသည် ပွဲတော်တွင် လူတစ်ဦးကို လွှတ်ပေးရသောကြောင့်ဖြစ်၏။]
18. သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
19. ဗာရဗ္ဗသည် မြို့ထဲတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူဖြစ်၏။
20. ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။
21. သို့သော် သူတို့သည် “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ။ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။
22. ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။
23. သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။