37. မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။
38. ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြ၏”ဟု မိန့်တော်မူ၏။
39. ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။
40. ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။
41. ထို့နောက် ကိုယ်တော်က “ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု မည်သို့ပြောဆိုနိုင်ကြမည်နည်း။
42. အကြောင်းမူကား ဒါဝိဒ်ကိုယ်တိုင်သည် ဆာလံကျမ်းတွင် ‘ထာဝရဘုရားသည် ငါ၏သခင်အား
43. သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
44. ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
45. လူအပေါင်းတို့သည် နားထောင်လျက်နေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
46. “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
47. သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။