22. ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
23. သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍
24. “ငါ့ကို ဒေနာရိတစ်ပြားပြကြလော့။ ၎င်းတွင် မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာပါသနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။
25. ကိုယ်တော်ကလည်း “ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
26. သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
27. ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍
28. “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
29. တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။
30. ထိုအခါ ဒုတိယညီ၊
31. ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။
32. နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
33. သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။