8. ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
9. ယေရှုကလည်း “ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။
10. အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကိုရှာ၍ ကယ်တင်ရန်ကြွလာ၏”ဟု မိန့်တော်မူ၏။
11. ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။
12. ကိုယ်တော်က “မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီးပြန်လာရန် ဝေးလံသောတိုင်းပြည်သို့ ခရီးသွားလေ၏။
13. ခရီးမပြုမီ မိမိ၏အစေအပါးဆယ်ဦးကိုခေါ်၍ ငွေဆယ်မိနာ့ပေးလျက် ‘ငါပြန်လာသည်အထိ စီးပွားရှာကြလော့’ဟု မှာထားခဲ့၏။
14. သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
15. ထို့နောက် သူသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီး ပြန်လာသောအခါ ငွေပေးထားခဲ့သောအစေအပါးတို့သည် စီးပွားရှာ၍ အမြတ်မည်မျှရကြသည်ကို သိရှိနိုင်မည့်အကြောင်း သူတို့ကို မိမိထံသို့ခေါ်လာရန် အမိန့်ရှိ၏။
16. ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
17. သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။
18. ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
19. သခင်ကလည်း ‘သင်သည် မြို့ငါးမြို့ကိုအုပ်ချုပ်လော့’ဟု ဆို၏။
20. ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။