39. ထိုအခါ လူထုပရိသတ်ထဲမှ ဖာရိရှဲအချို့တို့က “ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
40. ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုမည်။ ဤသူတို့တိတ်ဆိတ်စွာနေကြလျှင် ကျောက်ခဲတို့သည် ကြွေးကြော်ကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
41. ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
42. “သင်သည် ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့သိခဲ့လျှင်...။ သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
43. အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ
44. သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
45. ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ရောင်းဝယ်နေသောသူတို့ကို နှင်ထုတ်တော်မူပြီး
46. ထိုသူတို့အား “‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်လိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
47. ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သွန်သင်လျက်နေတော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် လူထုခေါင်းဆောင်တို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသော်လည်း
48. လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။