16. သူသည် ဝက်များစားနေသောပဲတောင့်များကိုပင် ဝလင်စွာစားရရန် တောင့်တခဲ့သော်လည်း မည်သူကမျှ သူ့ကို စားစရာမပေးခဲ့ချေ။
17. ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။
18. ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။
19. အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ။ အကျွန်ုပ်ကို အဖေ၏အလုပ်သမားတစ်ဦးအဖြစ်ထားပါ’ဟူ၍ ငါပြောမည်ဟုဆိုပြီးလျှင်
20. ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
21. သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။
22. သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
23. ဆူဖြိုးသောနွားသငယ်ကိုလည်းဆွဲလာ၍ သတ်ကြလော့။ ငါတို့သည် ပျော်ရွှင်စွာစားကြစို့။
24. အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
25. လယ်၌ရှိသော သားကြီးမူကား ပြန်လာ၍ အိမ်အနီးသို့ရောက်လာသောအခါ တီးမှုတ်သံနှင့်ကခုန်သံတို့ကိုကြားရသဖြင့်
26. အစေခံတစ်ဦးကိုခေါ်၍ ‘မည်သည့်အခြင်းအရာများဖြစ်ပျက်နေသနည်း’ဟု မေးမြန်းလေ၏။
27. အစေခံကလည်း ‘သင်၏ညီပြန်ရောက်လာပြီ။ သူ့ကိုကျန်းမာစွာဖြင့် ပြန်တွေ့ရသည့်အတွက် သင်၏ဖခင်သည် ဆူဖြိုးသောနွားသငယ်ကိုသတ်ပါပြီ’ဟု ပြောဆို၏။
28. ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။