24. “ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။
25. အိမ်ရှင်သည်ထ၍ တံခါးကိုပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားတံခါးဖွင့်ပေးပါ’ဟု ဆိုကြသော်လည်း သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ’ဟု ပြန်၍ဆိုလိမ့်မည်။
26. ထိုအခါ သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြပါ၏။ ကိုယ်တော်သည်လည်း အကျွန်ုပ်တို့၏လမ်းမပေါ်တွင် သွန်သင်ပေးခဲ့ပါ၏’ဟု လျှောက်ကြလိမ့်မည်။
27. သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
28. ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
29. တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
30. အဦးဆုံးဖြစ်မည့် နောက်ဆုံးသောသူများရှိကြ၏။ နောက်ဆုံးဖြစ်မည့် အဦးဆုံးသောသူများလည်းရှိကြ၏”ဟု မိန့်တော်မူ၏။
31. ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။
32. ကိုယ်တော်ကလည်း “သွား၍ ထိုမြေခွေးကိုပြောကြလော့။ ငါသည် ယနေ့နှင့်မနက်ဖြန် နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါများကိုငြိမ်းစေပြီး သုံးရက်မြောက်သောနေ့၌ အမှုကိုပြီးမြောက်စေမည်။
33. သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တို့၌ ခရီးသွားရဦးမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်။
34. အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
35. ကြည့်ရှုလော့။ သင်တို့၏အိမ်သည် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’ဟု သင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။