Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:19-32 Myanmar Standard Bible (MSB)

19. ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​ဥ​ယျာဉ်​ထဲ​၌​ကြဲ​သော​အ​ခါ ထို​အ​စေ့​သည် အ​ပင်​ပေါက်​ကြီး​ထွား​၍ အ​ပင်​ကြီး​ဖြစ်​လာ​ကာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​၏​အ​ကိုင်း​များ​တွင် အ​သိုက်​ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

20. တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

21. ၎င်း​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် တ​ဆေး​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် ကိုယ်​တော်​သည် တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​၍ သွန်​သင်​တော်​မူ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​၏။

23. ထို​အ​ခါ လူ​တစ်​ဦး​က “သ​ခင်၊ ကယ်​တင်​ခြင်း​ခံ​ရ​သူ အ​နည်း​ငယ်​သာ​ရှိ​သ​လော”​ဟု မေး​လျှောက်​၏။ ကိုယ်​တော်​က​လည်း

24. “ကျဉ်း​သော​တံ​ခါး​မှ​ဝင်​ရန် ကြိုး​စား​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ဝင်​ရန်​ရှာ​ကြံ​ကြ​သော်​လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။

25. အိမ်​ရှင်​သည်​ထ​၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ သင်​တို့​သည် အ​ပြင်​၌​ရပ်​၍ တံ​ခါး​ကို​ခေါက်​လျက် ‘သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်​လည်း သ​ခင်​က ‘သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်​မည်။

26. ထို​အ​ခါ သင်​တို့​က ‘အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​ပါ​၏။ ကိုယ်​တော်​သည်​လည်း အ​ကျွန်ုပ်​တို့​၏​လမ်း​မ​ပေါ်​တွင် သွန်​သင်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ကြ​လိမ့်​မည်။

27. သို့​သော် သ​ခင်​က ‘သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ။ မ​တ​ရား​မှု​ကို​ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ​ထွက်​သွား​ကြ​လော့’​ဟု သင်​တို့​အား​ဆို​လိမ့်​မည်။

28. ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​၌​ရှိ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​သော်​လည်း သင်​တို့​ကိုယ်​တိုင်​မူ​ကား အ​ပြင်​သို့ နှင်​ထုတ်​ခြင်း​ခံ​ရ​သ​ဖြင့် ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်။

29. တစ်​ဖန် လူ​တို့​သည် အ​ရှေ့​အ​ရပ်​နှင့် အ​နောက်​အ​ရပ်​တို့​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​နှင့် မြောက်​အ​ရပ်​တို့​မှ​လည်း​ကောင်း လာ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် စား​သောက်​ပွဲ​၌​ထိုင်​ကြ​လိမ့်​မည်။

30. အ​ဦး​ဆုံး​ဖြစ်​မည့် နောက်​ဆုံး​သော​သူ​များ​ရှိ​ကြ​၏။ နောက်​ဆုံး​ဖြစ်​မည့် အ​ဦး​ဆုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

31. ထို​အ​ချိန်​၌ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ဟေ​ရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်​၍ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။

32. ကိုယ်​တော်​က​လည်း “သွား​၍ ထို​မြေ​ခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယ​နေ့​နှင့်​မ​နက်​ဖြန် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အ​မှု​ကို​ပြီး​မြောက်​စေ​မည်။