1. ထိုအချိန်၌ပင် လူအချို့တို့သည်ရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲနယ်သားအချို့တို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့်ရောနှောခဲ့ကြောင်း ကိုယ်တော်အားကြားလျှောက်ကြ၏။
2. ကိုယ်တော်ကလည်း “ထိုဂါလိလဲနယ်သားတို့သည် ထိုသို့သောဒုက္ခဝေဒနာကိုခံစားကြရသောကြောင့် အခြားဂါလိလဲနယ်သားအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
3. ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
4. ထို့ပြင် ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိမိ၍သေဆုံးသောသူတစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသောအခြားသူအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
5. ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
6. ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်းမတွေ့ရချေ။
7. ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်အပေါ်၌ အသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။
8. သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။
9. ထိုသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ မသီးပါက ခုတ်ပစ်နိုင်ပါသည်’ဟု ပြန်လျှောက်၏”ဟူ၍ မိန့်တော်မူ၏။