30. ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
31. ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
32. သဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ ၎င်း၏အကိုင်းအခက်သည်နုလာပြီး အရွက်များထွက်လာသောအခါ နွေရာသီနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။
33. ထိုနည်းတူ သင်တို့သည်လည်း ဤအရာအားလုံးကိုမြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။
34. သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် လုံးဝမကွယ်ပျောက်ရာ။
35. ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
36. ထိုနေ့ရက်၊ ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်တစ်ပါးတည်းမှလွဲ၍ မည်သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။
37. လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်။
38. မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
39. ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
40. ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
41. ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။