3. ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။
4. ယေရှုကလည်း “မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။
5. အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
6. စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
7. လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
8. ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
9. ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
10. ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
11. များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
12. တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
13. သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
14. နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။
15. ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ)
16. ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ ထွက်ပြေးကြစေ။
17. လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။
18. လယ်၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။