1. ယေရှုသည် ဗိမာန်တော်မှ ထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ ကိုယ်တော်အား ဗိမာန်တော်အဆောက်အအုံများကိုပြကြ၏။
2. ကိုယ်တော်ကလည်း “ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
3. ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။
4. ယေရှုကလည်း “မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။
5. အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
6. စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
7. လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
8. ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။