40. သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံသမားတို့ကို မည်သို့ပြုမည်နည်း”ဟု မေးတော်မူ၏။
41. သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။
42. ယေရှုကလည်း “‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
43. ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။
44. [ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။
45. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၏ပုံဥပမာကိုကြားလျှင် မိမိတို့အကြောင်းမိန့်တော်မူသည်ကို သိကြသဖြင့်
46. ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်တို့သည် ကိုယ်တော်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။