34. အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။
35. ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။
36. နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။
37. ခြံပိုင်ရှင်ကလည်း ‘သူတို့သည် ငါ့သားကို ရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။
38. သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
39. သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။
40. သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံသမားတို့ကို မည်သို့ပြုမည်နည်း”ဟု မေးတော်မူ၏။
41. သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။
42. ယေရှုကလည်း “‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
43. ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။