Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 21:31-42 Myanmar Standard Bible (MSB)

31. ထို​သား​နှစ်​ယောက်​တို့​တွင် မည်​သူ​သည် ဖ​ခင်​၏​အ​လို​ကို​ဆောင်​ရွက်​ခဲ့​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ပ​ထ​မ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​ထက်​အ​လျင်​ဦး​စွာ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ကြ​၏။

32. အ​ကြောင်း​မူ​ကား ယော​ဟန်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ဖြင့် သင်​တို့​ထံ​သို့​လာ​သော်​လည်း သင်​တို့​သည် သူ့​ကို​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​ပြည့်​တန်​ဆာ​တို့​မူ​ကား သူ့​ကို​ယုံ​ကြည်​ကြ​၏။ သင်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျက်​ပင် နောက်​မှ​စိတ်​ပြောင်း​လဲ​၍ သူ့​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။

33. အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို နား​ထောင်​ကြ​လော့။ ခြံ​ပိုင်​ရှင်​တစ်​ဦး​ရှိ​၏။ သူ​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​၍ ခြံ​စည်း​ရိုး​ခတ်​လျက် ခြံ​ထဲ​တွင် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်​စင်​ကို​ဆောက်​လေ​၏။ ထို့​နောက် ထို​ခြံ​ကို ခြံ​သ​မား​တို့​အား​ငှား​ရမ်း​၍ ခ​ရီး​ထွက်​လေ​၏။

34. အ​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ စ​ပျစ်​ခြံ​ထွက်​အ​သီး​များ​ကို​ရ​ယူ​ရန် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို ခြံ​သ​မား​တို့​ထံ​သို့ စေ​လွှတ်​လေ​၏။

35. ထို​အ​ခါ ခြံ​သ​မား​တို့​သည် ထို​သူ​၏​အ​စေ​အ​ပါး​တို့​ကို​ဖမ်း​ဆီး​၍ တစ်​ဦး​ကို​ရိုက်​နှက်​ကာ အ​ခြား​တစ်​ဦး​ကို​သတ်​ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။

36. နောက်​တစ်​ဖန် ယ​ခင်​ထက် ပို​၍​များ​ပြား​သော အ​ခြား​အ​စေ​အ​ပါး​တို့​ကို စေ​လွှတ်​လိုက်​ရာ ခြံ​သ​မား​တို့​သည် သူ​တို့​ကို​လည်း ထို​နည်း​တူ​ပြု​ကြ​၏။

37. ခြံ​ပိုင်​ရှင်​က​လည်း ‘သူ​တို့​သည် ငါ့​သား​ကို ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​လျက် နောက်​ဆုံး​တွင် မိ​မိ​၏​သား​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

38. သို့​သော် ခြံ​သ​မား​တို့​သည် ထို​သား​ကို​မြင်​သော​အ​ခါ ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ၊ သူ့​ကို​သတ်​၍ သူ​၏​အ​မွေ​ကို​ရ​ယူ​ကြ​စို့’​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​ပြီး​လျှင်

39. သူ့​ကို​ဖမ်း​ဆီး​၍ စ​ပျစ်​ခြံ​အ​ပြင်​သို့ ဆွဲ​ထုတ်​ကာ သတ်​ပစ်​ကြ​၏။

40. သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​ပြန်​လာ​သော​အ​ခါ ထို​ခြံ​သ​မား​တို့​ကို မည်​သို့​ပြု​မည်​နည်း”​ဟု မေး​တော်​မူ​၏။

41. သူ​တို့​က “ထို​ဆိုး​ယုတ်​သော​သူ​တို့​ကို ရက်​စက်​စွာ​အ​ဆုံး​စီ​ရင်​၍ အ​သီး​ပေါ်​ချိန်​တွင် သူ့​ကို​အ​သီး​ပေး​မည့် အ​ခြား​ခြံ​သ​မား​တို့​အား စ​ပျစ်​ခြံ​ကို ငှား​ရမ်း​ပါ​လိမ့်​မည်”​ဟု ဖြေ​ကြား​ကြ​၏။

42. ယေ​ရှု​က​လည်း “‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏။ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​ဖြစ်​လာ​၍ ငါ​တို့​၏​မျက်​မှောက်​၌ အံ့​ဩ​ဖွယ်​ဖြစ်​၏’​ဟု ကျမ်း​စာ​ထဲ​၌ မ​ဖတ်​ဖူး​ကြ​သ​လော။