Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 21:15-27 Myanmar Standard Bible (MSB)

15. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​များ​ကို​လည်း​ကောင်း၊ “ဒါ​ဝိဒ်​၏​သား​တော်​အား ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ဗိ​မာန်​တော်​၌ က​လေး​များ​ကြွေး​ကြော်​နေ​ကြ​သည်​ကို​လည်း​ကောင်း မြင်​လျှင် အ​မျက်​ထွက်​ကြ​၍

16. “ဤ​က​လေး​တို့​ပြော​ဆို​နေ​သော​အ​ရာ​ကို ကြား​သ​လော”​ဟု မေး​မြန်း​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​ကြား​၏။ ‘က​လေး​သူ​ငယ်​များ​နှင့် နို့​စို့​က​လေး​ငယ်​တို့​၏​နှုတ်​ထဲ​မှ ချီး​မွမ်း​ခြင်း​ကို ကိုယ်​တော်​ပြင်​ဆင်​တော်​မူ​၏’​ဟူ​သော ရေး​ထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သ​လော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲ​မှ​ထွက်​ခွာ​လျက် ဗေ​သ​နိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်​ည​တာ​ကုန်​လွန်​စေ​တော်​မူ​၏။

18. နံ​နက်​စော​စော မြို့​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

19. ထို​စဉ် လမ်း​၌ သ​ဖန်း​ပင်​တစ်​ပင်​ကို​မြင်​၍ ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​ရာ ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​မ​တွေ့​သ​ဖြင့် ထို​အ​ပင်​အား “ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် သင်​၌​အ​သီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ သ​ဖန်း​ပင်​သည် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

20. တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် အံ့​သြ​လျက် “သ​ဖန်း​ပင်​သည် မည်​သို့​သော​အား​ဖြင့် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​သ​နည်း”​ဟု ဆို​ကြ​၏။

21. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သင်​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ​လျက် သံ​သ​ယ​ကင်း​မဲ့​ကြ​လျှင် ဤ​သ​ဖန်း​ပင်​၌ ပြု​ခဲ့​သည့်​အ​မှု​မျိုး​ကို​ပြု​နိုင်​သည်​သာ​မ​က ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်​လယ်​ထဲ​သို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အ​တိုင်း​ဖြစ်​လိမ့်​မည်။

22. သင်​တို့​ဆု​တောင်း​သော​အ​ခါ​တွင်​လည်း ယုံ​ကြည်​ခြင်း​ဖြင့် တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

23. ထို့​နောက် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ သွန်​သင်​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ သက်​ကြီး​ဝါ​ကြီး​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍ “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

24. ယေ​ရှု​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ သင်​တို့ ငါ့​ကို​ဖြေ​ကြား​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့် ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။

25. ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် အ​ဘယ်​က​ဖြစ်​နည်း။ ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော”​ဟု မေး​တော်​မူ​၏။ ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့​ဖြစ်​လျှင် အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

26. ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​ရ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​အ​ဖြစ် မှတ်​ယူ​ကြ​၏”​ဟု ပြော​ဆို​ကြ​၏။

27. ထို့​ကြောင့် သူ​တို့​က “အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေ​ရှု​အား ပြန်​ဖြေ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “ငါ​သည်​လည်း ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော။