13. ထိုသူတို့အား “ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာ ဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
14. ထို့နောက် ဗိမာန်တော်၌ မျက်မမြင်များနှင့်ခြေမသန်စွမ်းသူတို့သည် အထံတော်သို့လာကြရာ ကိုယ်တော်သည် သူတို့ကို အကောင်းပကတိဖြစ်စေတော်မူ၏။
15. သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာတို့သည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍
16. “ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း “ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်တို့၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော”ဟု သူတို့အား မိန့်တော်မူ၏။
17. ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
18. နံနက်စောစော မြို့သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။
19. ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား “ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။
20. တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။