7. တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
8. ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင် “ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
9. သင်တို့နားမလည်ကြသေးသလော။ မုန့်ငါးလုံးကို လူငါးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း၊
10. မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း မမှတ်မိကြသလော။
11. မုန့်နှင့်ပတ်သက်၍ သင်တို့အား ငါပြောသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုမူကား သတိထားကြလော့”ဟု မိန့်တော်မူ၏။
12. ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
13. ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပိနယ်မြေဒေသများသို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့သည် လူ့သားကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း”ဟူ၍ မေးတော်မူ၏။
14. တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
15. ယေရှုက “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင်
16. ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
17. ထိုအခါ ယေရှုက “ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
18. သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်အပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
19. ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်။ မြေကြီးပေါ်၌ သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
20. ထို့နောက် ကိုယ်တော်က မိမိသည်ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
21. ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။