7. သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
8. နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။
9. သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။
10. လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
11. မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
12. ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။
13. ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။
14. မည်သူမျှ သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအိမ် သို့မဟုတ် ထိုမြို့ပြင်သို့ထွက်သွားကြစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့။
15. သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။