3. ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
4. မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
5. ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား “လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။
6. အစ္စရေးအမျိုး၏ပျောက်ဆုံးသော သိုးများထံသို့သာ သွားကြလော့။
7. သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
8. နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။
9. သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။
10. လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
11. မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။