28. ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
29. စာကလေးနှစ်ကောင်ကို အဿရိတစ်ပြားနှင့် ရောင်းသည်မဟုတ်လော။ သို့ရာတွင် သင်တို့အဖ၏အခွင့်မရှိလျှင် ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။
30. သင်တို့ဦးခေါင်းမှ ဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။
31. ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက် အဖိုးထိုက်ကြ၏။
32. သို့ဖြစ်၍ မည်သူမဆို လူတို့ရှေ့၌ငါ့ကိုဝန်ခံလျှင် ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ထိုသူကိုဝန်ခံမည်။
33. သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ငြင်းပယ်မည်။
34. မြေကြီးပေါ်သို့ ငြိမ်သက်ခြင်းကိုယူဆောင်လာရန် ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကိုယူဆောင်လာရန်မဟုတ်ဘဲ ဓားကိုယူဆောင်လာရန် ငါလာ၏။
35. အကြောင်းမူကား သားကို သူ၏အဖနှင့်လည်းကောင်း၊ သမီးကို သူ၏အမိနှင့်လည်းကောင်း၊ ချွေးမကို သူ၏ယောက္ခမနှင့်လည်းကောင်း စိတ်ဝမ်းကွဲပြားစေရန် ငါလာ၏။
36. လူတစ်ဦး၏ရန်သူတို့မှာလည်း သူ၏အိမ်သူအိမ်သားများဖြစ်ကြလိမ့်မည်။
37. ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
38. မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည်လည်း ငါနှင့်မထိုက်တန်။
39. မိမိအသက်ကိုတွေ့ရှိသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် မိမိအသက်ကို အဆုံးရှုံးခံသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။