22. လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
23. မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
24. တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ ကျွန်သည်လည်း သခင်ထက် မြတ်သည်မဟုတ်။
25. တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
26. ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
27. သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
28. ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
29. စာကလေးနှစ်ကောင်ကို အဿရိတစ်ပြားနှင့် ရောင်းသည်မဟုတ်လော။ သို့ရာတွင် သင်တို့အဖ၏အခွင့်မရှိလျှင် ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။
30. သင်တို့ဦးခေါင်းမှ ဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။
31. ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက် အဖိုးထိုက်ကြ၏။
32. သို့ဖြစ်၍ မည်သူမဆို လူတို့ရှေ့၌ငါ့ကိုဝန်ခံလျှင် ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ထိုသူကိုဝန်ခံမည်။
33. သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ငြင်းပယ်မည်။