Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 10:16-35 Myanmar Standard Bible (MSB)

16. နား​ထောင်​ကြ​လော့။ ဝံ​ပု​လွေ​များ​ထဲ​သို့ သိုး​တို့​ကို​စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်​၏။ ထို့​ကြောင့် မြွေ​ကဲ့​သို့​လိမ္မာ​ပါး​နပ်​လျက် ချိုး​ငှက်​ကဲ့​သို့​ရိုး​သား​ဖြူ​စင်​ကြ​လော့။

17. လူ​တို့​ကို သ​တိ​ထား​ကြ​လော့။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့​အပ်​နှံ​လျက် သူ​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်​ခတ်​ရိုက်​နှက်​ကြ​လိမ့်​မည်။

18. သင်​တို့​သည် ဘု​ရင်​ခံ​များ​နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​သို့ ငါ့​အ​တွက်​ကြောင့် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူ​မျိုး​ခြား​တို့​ထံ သက်​သေ​ဖြစ်​ကြ​လိမ့်​မည်။

19. သူ​တို့​သည် သင်​တို့​ကို​အပ်​နှံ​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​ပြော​ဆို​ရ​မည့်​အ​ရာ​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်​မည်။

20. အ​ဘယ်​ကြောင့်​ဆို​သော် ပြော​ဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အား​ဖြင့်​ပြော​ဆို​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဝိ​ညာဉ်​တော်​ဖြစ်​၏။

21. ညီ​အစ်​ကို​ချင်း တစ်​ဦး​က​တစ်​ဦး​ကို​လည်း​ကောင်း၊ အ​ဖ​သည် သား​သ​မီး​ကို​လည်း​ကောင်း သေ​ခြင်း​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​များ​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ သူ​တို့​ကို သေ​စေ​ရန်​ပြု​ကြ​လိမ့်​မည်။

22. လူ​အ​ပေါင်း​တို့​သည်​လည်း ငါ့​နာ​မ​ကြောင့် သင်​တို့​ကို​မုန်း​တီး​ကြ​လိမ့်​မည်။ သို့​သော် အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

23. မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်း​ဆဲ​ကြ​သော​အ​ခါ အ​ခြား​တစ်​မြို့​သို့ ထွက်​ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား အစ္စ​ရေး​မြို့​များ​ကို သင်​တို့​အ​နှံ့​မ​ရောက်​မီ လူ့​သား​သည်​ကြွ​လာ​လိမ့်​မည်။

24. တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သ​ခင်​ထက် မြတ်​သည်​မ​ဟုတ်။

25. တ​ပည့်​သည် သူ့​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည် သူ့​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လာ​လျှင် လုံ​လောက်​ပေ​၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်​သူ​အိမ်​သား​များ​ကို မည်​မျှ ပို​၍​ဆိုး​ရွား​စွာ​ခေါ်​ကြ​လိမ့်​မည်​နည်း။

26. ထို့​ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဖုံး​အုပ်​ထား​သည့်​အ​ရာ​များ​တွင် ဖွင့်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ကွယ်​ဝှက်​ထား​သည့်​အ​ရာ​များ​တွင်​လည်း ဖော်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

27. သင်​တို့​အား မှောင်​မိုက်​၌ ငါ​ပြော​သော​အ​ရာ​တို့​ကို အ​လင်း​၌​ပြော​ကြား​ကြ​လော့။ နား​အ​ပါး​ကပ်​ပြော​၍​ကြား​ရ​သော​အ​ရာ​တို့​ကို လေ​သာ​ဆောင်​အ​ပေါ်​မှ ဟော​ပြော​ကြ​လော့။

28. ကိုယ်​ခန္ဓာ​ကို​သတ်​၍ အ​သက်​ဝိ​ညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခန္ဓာ​နှင့်​အ​သက်​ဝိ​ညာဉ်​နှစ်​မျိုး​စ​လုံး​ကို င​ရဲ​၌​ဖျက်​ဆီး​နိုင်​သော​အ​ရှင်​ကို​သာ ကြောက်​ကြ​လော့။

29. စာ​က​လေး​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​အ​ဖ​၏​အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​က​လေး​တစ်​ကောင်​မျှ မြေ​ပေါ်​သို့​ကျ​လိမ့်​မည်​မ​ဟုတ်။

30. သင်​တို့​ဦး​ခေါင်း​မှ ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။

31. ထို့​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက် အ​ဖိုး​ထိုက်​ကြ​၏။

32. သို့​ဖြစ်​၍ မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌​ငါ့​ကို​ဝန်​ခံ​လျှင် ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ထို​သူ​ကို​ဝန်​ခံ​မည်။

33. သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ငြင်း​ပယ်​မည်။

34. မြေ​ကြီး​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​၏။

35. အ​ကြောင်း​မူ​ကား သား​ကို သူ​၏​အ​ဖ​နှင့်​လည်း​ကောင်း၊ သ​မီး​ကို သူ​၏​အ​မိ​နှင့်​လည်း​ကောင်း၊ ချွေး​မ​ကို သူ​၏​ယောက္ခ​မ​နှင့်​လည်း​ကောင်း စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။