11. မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
12. ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။
13. ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။
14. မည်သူမျှ သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအိမ် သို့မဟုတ် ထိုမြို့ပြင်သို့ထွက်သွားကြစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့။
15. သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
16. နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
17. လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
18. သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။
19. သူတို့သည် သင်တို့ကိုအပ်နှံကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား သင်တို့ပြောဆိုရမည့်အရာကို ထိုအချိန်နာရီ၌ပင် သင်တို့ရကြလိမ့်မည်။
20. အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။
21. ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
22. လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
23. မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
24. တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ ကျွန်သည်လည်း သခင်ထက် မြတ်သည်မဟုတ်။
25. တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
26. ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။