15. ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။
16. ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
17. ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
18. ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။
19. သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။
20-21. သို့သော် သမ္မာတရားသည် ယေရှု၌ရှိသည်နှင့်အညီ သင်တို့သည် ခရစ်တော်အကြောင်းကိုကြားနာလျက် ကိုယ်တော်၌ သွန်သင်ခြင်းကိုခံယူခဲ့သည်မှန်လျှင် ခရစ်တော်၌ ထိုသို့နည်းခံခဲ့ကြသည်မဟုတ်။