14. ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
15. ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
16. သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။
17. အကြောင်းမူကား သေတမ်းစာသည် ၎င်းကိုရေးထားသူအသက်ရှင်နေစဉ် အကျုံးမဝင်၊ ထိုသူသေဆုံးမှသာ အတည်ဖြစ်၏။
18. ထို့ကြောင့် ပထမပဋိညာဉ်ကိုလည်း သွေးမပါဘဲဖွဲ့ခဲ့သည်မဟုတ်။
19. အကြောင်းမူကား မောရှေသည် ပညတ်တရားကျမ်း၌ပါသမျှသောပညတ်ချက်တို့ကို လူအပေါင်းတို့အားကြေညာပြီးလျှင် ရေနှင့်ရောနှောသော နွားသငယ်နှင့်ဆိတ်တို့၏သွေးကိုယူ၍ ထိုကျမ်းမှစ၍လူအပေါင်းတို့ကို နီမြန်းသောသိုးမွေးနှင့်ဟုဿုပ်ညွန့်ဖြင့် ပက်ဖျန်းလျက်
20. “ဤသည်ကား သင်တို့အား ဘုရားသခင်ပညတ်တော်မူသည့် ပဋိညာဉ်နှင့်ဆိုင်သောသွေးဖြစ်၏”ဟု ဆိုလေ၏။
21. ထို့နောက် တဲတော်နှင့်တကွ ဝတ်ပြုရာတွင်အသုံးပြုသောပစ္စည်းရှိသမျှတို့ကိုလည်း ထိုနည်းတူသွေးနှင့် ပက်ဖျန်းလေ၏။
22. ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။
23. ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏နမူနာများကို အဆိုပါအရာများအားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ သို့သော် အထက်ကောင်းကင်အရပ်၌ရှိသောအရာအစစ်တို့ကိုမူကား ထိုအရာများထက် သာ၍မြတ်သောယဇ်အားဖြင့် စင်ကြယ်စေရန်လိုအပ်၏။
24. အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။
25. ယဇ်ပုရောဟိတ်မင်းသည် ကိုယ့်သွေးမဟုတ်သောသွေးဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရာဌာနထဲသို့ဝင်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကိုအကြိမ်ကြိမ်ပူဇော်ရန်မလိုပေ။