11. သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်
12. ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
13. အကြောင်းမူကား ညစ်ညူးခြင်းရှိသောသူတို့အပေါ်ပက်ဖျန်းသော ဆိတ်သွေး၊ နွားလား၏သွေးနှင့် နွားမတမ်း၏ပြာတို့သည် ကိုယ်ကာယကိုစင်ကြယ်စေ၍ သူတို့ကိုသန့်ရှင်းစေသည်ဆိုလျှင်
14. ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
15. ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
16. သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။