Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:2-15 Myanmar Standard Bible (MSB)

2. ရှေး​လူ​ကြီး​တို့​သည် ဤ​ယုံ​ကြည်​ခြင်း​ကြောင့် ချီး​ကျူး​ခံ​ရ​ကြ​၏။

3. ဤ​လော​က​ဓာတ်​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သည်​ဖြစ်​၍ ယ​ခု​မြင်​ရ​သော​အ​ရာ​သည် ထင်​ရှား​လျက်​ရှိ​သော​အ​ရာ​များ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်​ကြောင်း ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သိ​ရ​ကြ​၏။

4. ယုံ​ကြည်​ခြင်း​အား​ဖြင့် အာ​ဗေ​လ​သည် ကာ​ဣ​န​ထက် မြတ်​သော​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ခဲ့​ပြီး ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သော​သူ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သူ​၏​ပူ​ဇော်​သက္ကာ​များ​ကို အ​သိ​အ​မှတ်​ပြု​တော်​မူ​၏။ သူ​သည် သေ​လွန်​သော်​လည်း ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ယ​ခု​တိုင်​အောင် စ​ကား​ပြော​နေ​သေး​၏။

5. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​နောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံ​တွေ့​ရ​ဘဲ ဘ​ဝ​ပြောင်း​ခွင့်​ရ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့​ချေ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ရ​၏။

6. ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင် ဘု​ရား​သ​ခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​ချဉ်း​ကပ်​သော​သူ​သည် ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ကို​ရှာ​သော​သူ​တို့​အား အ​ကျိုး​ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ယုံ​ကြည်​ရ​မည်။

7. နော​ဧ​သည် မ​မြင်​ရ​သေး​သော​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဗျာ​ဒိတ်​တော်​ရ​သော​အ​ခါ ကြောက်​ရွံ့​ရို​သေ​သော​စိတ်​ရှိ​၍ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန်​အ​တွက် ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်္ဘော​ကို​တည်​ဆောက်​လေ​၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ​သည် လော​က​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​၍ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း​ကို အ​မွေ​ဆက်​ခံ​သူ​ဖြစ်​လာ​၏။

8. အာ​ဗြ​ဟံ​သည် အ​မွေ​အ​ဖြစ်​ဆက်​ခံ​ရ​မည့်​ပြည်​သို့​ထွက်​ခွာ​သွား​ရန် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​အ​ခါ မည်​သည့်​အ​ရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နာ​ခံ​၍ ထွက်​သွား​လေ​၏။

9. သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် က​တိ​ထား​တော်​မူ​သော​ပြည်​၌ တိုင်း​တစ်​ပါး​သား​ကဲ့​သို့ ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​၍ တစ်​ခု​တည်း​သော​က​တိ​တော်​ကို အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​များ​ဖြစ်​ကြ​သော ဣ​ဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ​များ​တွင်​နေ​ထိုင်​ကြ​၏။

10. အ​ကြောင်း​မူ​ကား သူ​သည် ဘု​ရား​သ​ခင်​ရေး​ဆွဲ​စီ​မံ​၍ တည်​ဆောက်​တော်​မူ​သော ခိုင်​ခံ့​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​နေ​၏။

11. ထို​နည်း​တူ အ​မြုံ​ဖြစ်​သော​စာ​ရာ​သည်​လည်း အ​သက်​အ​ရွယ်​လွန်​ပြီး​သော​အ​ခါ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​ဋိ​သန္ဓေ​တည်​နိုင်​သော​အ​စွမ်း​ကို​ရ​ရှိ​၏။ အ​ကြောင်း​မူ​ကား က​တိ​ပေး​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​ရှိ​သည်​ဟု​မှတ်​ယူ​သော​ကြောင့်​ဖြစ်​၏။

12. ဤ​သို့​ဖြင့် ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​မှ မ​ရေ​တွက်​နိုင်​သော​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း များ​စွာ​သော​သူ​တို့​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံ​မှ ပေါက်​ဖွား​လာ​ကြ​၏။

13. ထို​သူ​အ​ပေါင်း​တို့​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​များ​ကို မ​ခံ​စား​ရ​သော်​လည်း ၎င်း​တို့​ကို အ​ဝေး​မှ​လှမ်း​မြင်​၍ ကြို​ဆို​လက်​ခံ​ကာ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​၌ အာ​ဂန္တု​များ​နှင့်​သူ​စိမ်း​ဧည့်​သည်​များ​သာ​ဖြစ်​ကြောင်း ဝန်​ခံ​လျက် ယုံ​ကြည်​ရင်း​သေ​လွန်​ကြ​၏။

14. ထို​သို့​ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​နေ​ရင်း​ပြည်​ကို ကြိုး​စား​ရှာ​ဖွေ​နေ​ကြောင်း ထင်​ရှား​စေ​ကြ​၏။

15. သူ​တို့​သည် မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သော​ပြည်​ကို သ​တိ​ရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အ​ခွင့်​အ​ခါ​ရှိ​ခဲ့​ပေ​လိမ့်​မည်။