19. ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။
20. ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။
21. ထိုမျှမက ငါတို့၌ ဘုရားသခင်၏အိမ်တော်ကိုအုပ်စိုးသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်ရှိသည်ဖြစ်၍
22. ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
23. ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။
24. ထို့ပြင် မေတ္တာထားရန်နှင့် ကောင်းသောအမှုကိုပြုရန် အချင်းချင်းမည်ကဲ့သို့တိုက်တွန်းနှိုးဆော်ရမည်ကို ဆင်ခြင်ကြကုန်စို့။
25. အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။
26. အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
27. တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။
28. မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။
29. သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းခြေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
30. အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။
31. အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။