46. သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိ၏။ အဘယ်ကြောင့်ဆိုသော် ငါ့ထံမှတန်ခိုးထွက်သည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
47. ထိုအမျိုးသမီးသည် ဖုံးကွယ်ထား၍မရကြောင်းသိသောအခါ တုန်လှုပ်လျက်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ကိုယ်တော်ကိုတို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ အနာရောဂါချက်ချင်းပျောက်ကင်းခဲ့ပုံကိုလည်းကောင်း လူအပေါင်းတို့ရှေ့တွင် ပြောပြလေ၏။
48. ကိုယ်တော်ကလည်း “သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု သူ့အား မိန့်တော်မူ၏။
49. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအိမ်မှ လူတစ်ဦးသည်ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို ဆက်၍မနှောင့်ယှက်ပါနှင့်”ဟု ပြောလေ၏။
50. ယေရှုသည်ကြားလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ပြုလျှင် သူငယ်မသည် အကောင်းပကတိဖြစ်လိမ့်မည်”ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။
51. ထို့နောက် အိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် သူငယ်မ၏မိခင်ဖခင်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်ထဲသို့ဝင်ခွင့်ပြုတော်မမူ။
52. လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း “မငိုကြွေးကြနှင့်။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူရာ
53. သူတို့သည် သူငယ်မ သေဆုံးပြီဖြစ်ကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
54. သို့သော် ကိုယ်တော်သည် သူငယ်မ၏လက်ကိုကိုင်လျက် “သူငယ်မ၊ ထလော့”ဟု ခေါ်တော်မူလျှင်
55. သူငယ်မ၏ဝိညာဉ်သည်ပြန်ဝင်လာသဖြင့် သူသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည်လည်း သူ့အား စားစရာပေးရန် အမိန့်ပေးတော်မူ၏။
56. ထိုအခါ မိဘတို့သည် အံ့သြငေးမောကြ၏။ သို့ရာတွင် ကိုယ်တော်သည် ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှမပြောရန် သူတို့အား မိန့်မှာတော်မူ၏။