42. အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
43. ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
44. ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။
45. ထိုအခါ ယေရှုက “ငါ့ကို မည်သူတို့ထိသနည်း”ဟု မေးတော်မူလျှင် အားလုံးကငြင်းဆိုကြ၏။ ပေတရုက “သခင်၊ လူထုပရိသတ်သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်”ဟု လျှောက်လေ၏။
46. သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိ၏။ အဘယ်ကြောင့်ဆိုသော် ငါ့ထံမှတန်ခိုးထွက်သည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
47. ထိုအမျိုးသမီးသည် ဖုံးကွယ်ထား၍မရကြောင်းသိသောအခါ တုန်လှုပ်လျက်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ကိုယ်တော်ကိုတို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ အနာရောဂါချက်ချင်းပျောက်ကင်းခဲ့ပုံကိုလည်းကောင်း လူအပေါင်းတို့ရှေ့တွင် ပြောပြလေ၏။
48. ကိုယ်တော်ကလည်း “သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု သူ့အား မိန့်တော်မူ၏။
49. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအိမ်မှ လူတစ်ဦးသည်ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို ဆက်၍မနှောင့်ယှက်ပါနှင့်”ဟု ပြောလေ၏။
50. ယေရှုသည်ကြားလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ပြုလျှင် သူငယ်မသည် အကောင်းပကတိဖြစ်လိမ့်မည်”ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။