24. တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။
25. ထို့နောက် ကိုယ်တော်က “သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
26. ထို့နောက် သူတို့သည် ဂါလိလဲနယ်တစ်ဖက်ကမ်းရှိ ဂါရစနယ်သို့ ဆက်၍ရွက်လွှင့်ကြ၏။
27. ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်မဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
28. သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
29. ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူအထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာပူးဝင်သဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချုည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
30. ယေရှုကလည်း ထိုသူအား “သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ သူ့အထဲ၌ နတ်ဆိုးများစွာပူးဝင်နေသောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
31. တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
32. ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့သည် ထိုဝက်များထဲသို့ဝင်ခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။
33. ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။